နိုင်ငံကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အဓိကကျသည်။ အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရာ၌ ပြည်သူလူထု၏ ထောက်ခံမှု၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုမရလျှင် ရေတိုတွင် အောင်မြင်နိုင်သော်လည်း ရေရှည်တွင်မူ အောင်မြင်မှုရနိုင်မည်မဟုတ်ပေ။
ယင်းအခြေအနေကို ဖြတ်သန်းလာခဲ့ရသည့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် ပြာပုံဘဝမှ ရုန်းထတိုးတက်လာသော ကမ္ဘာပေါ်မှနိုင်ငံများကို လေ့လာကြည့်လျှင် သိမြင်နိုင်မည်ဖြစ်သည်။ ပြည်သူသည် နိုင်ငံအတွက် အဓိကကျသည်ဖြစ်၍ ပြည်သူလူထုတစ်ဦးချင်း အရည်အချင်း မြင့်မားပြီး လူတိုင်းလူတိုင်း တန်ဖိုးရှိအောင်နေထိုင်ကာ မိမိနိုင်ငံအတွက် မိမိအစိုးရနှင့် လက်တွဲညီညီဆောင်ရွက်ကြသဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကိုလည်း မြင်တွေ့နိုင်သည်။
ထို့ကြောင့် အရည်အချင်းရှိသောပြည်သူများ၊ တန်ဖိုးရှိသော နိုင်ငံသားများ ဖြစ်လာအောင် နိုင်ငံတော်အစိုးရက ကလေးငယ်များဘဝမှစ၍ ပညာရေး၊ ကျန်းမာရေးတို့ကို အလေးထား မြှင့်တင်ပေးနေသည်။ လူငယ်လူရွယ်များ တန်ဖိုးရှိသည့် လူကြီးများဖြစ်လာအောင် ရုပ်ပိုင်း ဆိုင်ရာ တန်ဖိုးပြည့်မည့် ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာတန်ဖိုးပြည့်မည့် ပညာရေးတို့ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသည်။ အရာရာ၌ အဓိကကျသည့် ပညာဖြင့် စဉ်းစားဆင်ခြင် တွေးခေါ်နိုင်အောင် ဖန်တီးဖော်ဆောင်ပေးသည်။
ထိုသို့ဖန်တီးဖော်ဆောင်ကြရာ၌ ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များကိုယ်တိုင် မိမိအတွက်၊ မိမိနိုင်ငံ၏ အနာဂတ်အတွက် ခံယူချက်နှင့် ပြင်းပြထက်သန်သော ဇွဲလုံ့လ ဝီရိယရှိရမည်ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ဘဝ ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် ပညာသင်ကြားစဉ်က ကျောင်းအစည်းအဝေးတစ်ခု တွင် ကျောင်းသားများ အနာဂတ်တွင် တကယ့်လူတော်လူကောင်း ဖြစ်စေရန် ပြောကြားချက်မှာ အစဉ်အမြဲမှတ်သားစရာဖြစ်သည်။
"ကျွန်တော်တို့ အမျိုးသားကျောင်းသားတွေဟာ ကျောင်းစာကို ကုန်းဖတ်နေရုံနဲ့ တာဝန်ကျေပွန် ပြီလို့ မဆိုနိုင်ဘူး။ မြန်မာပြည်ကြီး သူများလက်အောက်ခံ ကျွန်ဖြစ်နေတာကို ကျွန်ဘဝက လွတ်မြောက်အောင် ဘယ်လိုဖန်တီးကယ်တင်ရမယ်ဆိုတာ ခုနေကစဉ်းစားဖို့တော်ပြီ။ ဒါတင် မကသေးဘူး၊ အခုခင်ဗျားတို့၊ ကျွန်တော်တို့ ရာဇဝင်ဘာသာ သင်နေရတယ်။ ရာဇဝင်ကို တတ်သိနားလည်ရုံနှင့်မပြီးဘူး။ ရာဇဝင်ကို ဖန်တီးပေးနိုင်တဲ့ လူတွေဖြစ်လာအောင် ကိုယ်တိုင် ကြိုးစားကြမှ တကယ့်လူတော်လူကောင်းတွေလို့ ဆိုနိုင်မယ်" ဟု ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝကပင် အပြောနှင့် အလုပ်ကို လက်တွေ့ တစ်ထပ် တည်း ပြသခဲ့သည်။ ရာဇဝင်ပြောင်မြောက်သော၊ မြန်မာနိုင်ငံအတွက် ရာဇဝင်မော်ကွန်း ရေးထိုး နိုင်သော အမျိုးသားခေါင်းဆောင်၊ အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင်လေးစားမြတ်နိုးတန်ဖိုးထားသော ယနေ့ကျောင်းသား ကျောင်းသူလူငယ် လူရွယ်များအနေဖြင့် ကျောင်းပညာများကိုသင်ကြားရုံဖြင့် မပြီးသေးဘဲ အနာဂတ်ကို ဖန်တီးနိုင် မည့် တကယ့်လူတော်လူကောင်းများဖြစ်လာအောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။
ယနေ့လူငယ်လူရွယ်များသည် အနာဂတ်ကိုဖန်တီးနိုင်သူများ၊ တိုင်းပြည်၏ အားထားရမည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားရမည် ဖြစ်သလို အရည်အချင်းရှိသော ပြည်သူများ၊ တန်ဖိုးရှိသော နိုင်ငံသားများ ဖြစ်အောင်လည်း အားထုတ်ရမည်ဖြစ်သည်။ လူတစ်ဦးချင်းစီတွင် တန်ဖိုးများ၊ အရည်အချင်းများ ကိုယ်စီကိုယ်စီရှိပြီးဖြစ်ရာ မိမိတို့သင်ယူဆည်းပူးခဲ့သော ပညာကို အခြေခံသည့် တွေးခေါ်မြော်မြင် ဆင်ခြင်မှုများနှင့် ပေါင်းစပ်၍ မိမိဘဝ၊ မိမိနိုင်ငံ အနာဂတ်ဘဝ တိုးတက်အောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူများ၏ဘဝများလည်း မြင့်မား တိုးတက်လာမည်ဖြစ်၍ တန်ဖိုးရှိသော၊ အရည်အချင်းရှိသော နိုင်ငံသူ နိုင်ငံသားများ ဖြစ်လာ အောင် ကြိုးပမ်းအားထုတ်ပြီး နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း။ ။
ကြေးမုံ (အယ်ဒီတာ့အာဘော်)