ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာ မြှင့်တင်မှုမဟာဗျူဟာ နှင့်စပ်လျဉ်း၍ (ပထမအကြိမ်) အလုပ်ရုံဆွေးနွေးပွဲမှ ရရှိထားသော အချက်အလက်များ အတည်ပြုချက်ရယူခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Park View Hotel ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာမြှင့်တင်မှု မဟာဗျူဟာ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ActionAid Myanmar တို့ ပူပေါင်း၍ ဥရောပ သမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး အစီအစဉ် (ECHO) ၏ အထောက် အပံ့ဖြင့် အကောင်အထည်ဖော် ရေးဆွဲလျက်ရှိသည်။
ထိုသို့ဆောင်ရွက်မှုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်ရှိသည့်အနက် မြို့နယ် ၁၆ မြို့နယ်တွင် နေထိုင်လျက်ရှိသည့် လူမှုအလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား ဘေးအန္တရာယ်နှင့်ပတ်သက်သည့် သတိပေးချက်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သောမေးခွန်းများကို မေးမြန်းကာ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ကြသည်။
စစ်တမ်းကောက်ယူခဲ့မှုမှ ရရှိလာသော သတင်းအချက်အလက်များ၊ တွေ့ရှိချက်များအပေါ် လုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ အကြုံပြုချက်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှရရှိခဲ့သော အချက်အလက်များကို အတည်ပြုချက်ရယူနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေး နိုင်ရန်အတွက် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သော အဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာ မြှင့်တင်မှု မဟာဗျူဟာနှင့်ပတ်သက်သော အချက်အလက်များကိုတင်ပြကာ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဖွဲ့ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ လူထုအသိအမြင်မြှင့်တင်ရေးမဟာ ဗျူဟာသည် ရန်ကုန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူထုအသိအမြင် မြှင့်တင်မှုဆိုင်ရာ မဟာဗျူဟာတစ်ခု ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ အသိအမြင်၊ နားလည်မှု၊ ကျင့်သုံးမှုများကို စနစ်တကျ ဆန်းစစ်ထားခြင်းဖြစ်ပြီး ယင်းဗျူဟာအား မတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါမဟာဗျူဟာကို လူ့အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၏ အတွေ့အကြုံများ၊ သက်သေ များကိုအခြေခံပြီး ဘက်စုံပေါင်းစည်း ရေးဆွဲခြင်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး