Skip to main content

ကြက်ခြေနီ စေတနာလုပ်အားရှင်ကိုးဦး တစ်သက်တာအခမဲ့ဆေးကုသခွင့်ချီးမြှင့်ခံရ

ရန်ကုန် ဖေဖော်ဝါရီ ၂၅

ကြက်ခြေနီစေတနာလုပ်အားရှင် ကိုးဦးအား တစ်သက်တာ အခမဲ့ဆေးကုသခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ယခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။

အကြိမ် (၁၀၀) နှင့်အထက် သွေးလှူဒါန်းခဲ့ကြသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များကို ယခုကဲ့သို့ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဝေ၊ မန္တလေးတိုင်းဒေသကြီး ဒုတိယကြက်ခြေနီ တပ်ဖွဲ့မှူးဟောင်း ဦးအုန်းရွှေ၊ ရွှေဘိုမြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်ကျော်၊ ဝန်းသိုမြို့နယ်တပ်ဖွဲ့မှူး ဦးစိုင်းမြင့်အေး၊ ဗန်းမော်မြို့နယ် အသင်းခွဲအမှုဆောင် ဦးဇော်ဝင်း၊ ကြည့်မြင်တိုင်မြို့နယ် တပ်ဖွဲ့မှူးဟောင်း ဦးလှမြင့်၊ ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ် တပ်ခွဲမှူးဟောင်း ဦးစိုးမြင့်၊ သုံးခွမြို့နယ် တပ်ခွဲမှူးဟောင်း ဦးသိန်းဝင်းနှင့် မရမ်းကုန်းမြို့နယ် တပ်ခွဲမှူးဟောင်း ဦးတင်ကြိုင်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တစ်သက်တာအခမဲ့ဆေးကုသခွင့် ချီးမြှင့်ပေးခဲ့သည်။

လူ့အသက်ပေါင်းများစွာကို မိမိသွေးဖြင့် အသက်ကယ်တင်နိုင်ခဲ့သည့် တစ်သက်တာ အခမဲ့ ဆေးကုသခွင့်ရရှိခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင် ကိုးဦးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အသက်ပေါင်း များစွာကို ကူညီကယ်တင်နိုင်ကြမည့် ကြက်ခြေနီ စေတနာ လုပ်အားရှင်များစွာ ပေါ်ထွန်းလာ စေလိုကြောင်းကိုလည်း ဆန္ဒပြုလိုက်ကြောင်း သိရသည်။

သတင်းစဉ်