Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး (အားကစား) နှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနရှိ အရာထမ်းများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးရုံး (အားကစား)နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အရာထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော အားကစားနည်းပြများက အားကစားနည်း အလိုက် မိတ်ဆက်ကြသည်။

ရှာဖွေလေ့လာရန်လိုအပ်

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့အားကစား အဆင့်အတန်းတိုးတက်စေရန်အတွက် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများ အရည်အချင်းပိုမိုပြည့်ဝပြီး သန်မာလာရန် လိုအပ်ကြောင်း၊ လက်ရှိဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသော နည်းပြနည်းစနစ်မှူးများသည် အများစုမှာ လက်ရွေးစင်ဟောင်း များ ဖြစ်ကြကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ အားကစားနည်း အလိုက် မကျင်းပမီ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အားကစားနည်းများကို ခေတ်မီ တိုးတက်ပြောင်းလဲလာသော နည်းစနစ်များ၊ အမှတ်ပေး စည်းမျဉ်းများ၊ Coaching ဆိုင်ရာ များကို ကြိုတင်ဖြန့်ဝေ ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ နည်းပြ နည်းစနစ်မှူးများ အားကစားနည်းအလိုက် အားကစားနှင့် ကာယသိပ္ပံကျောင်း များ၌ဖြစ်စေ၊ မြို့နယ်များ၌ဖြစ်စေ မိမိတို့ အားကစားနည်း တိုးတက်ပြန့်ပွားစိတ်ဝင်စားလာအောင် အောက်ခြေကျကျ လက်တွေ့ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နည်းပြနည်းစနစ် မှူးများအနေဖြင့် နည်းပြအရည်အသွေး တိုးတက်မြင့်မားအောင် လက်ရှိအတိုင်း ရပ်မနေဘဲ အားကစားနည်းအလိုက် တိုးတက် ပြောင်းလဲလာသော နည်းစနစ်များကို Internet မှတစ်ဆင့် ရှာဖွေလေ့လာရန် လိုအပ်ကြောင်း၊ အားကစား နည်းအလိုက် နိုင်ငံခြားသို့ ဝန်ကြီးဌာနအလိုက် ပညာတော်သင်များ စေလွှတ် နေပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြနည်း စနစ်မှူးများအနေဖြင့် အင်္ဂလိပ်စာကို ယခုထက် ပိုမိုရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်အောင် ကြိုတင်လေ့ကျင့်စေလိုကြောင်း၊ မြန်မာ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် (National Coaching Camp)၊ (Excellent Center)၊ (Talent-Scouting)များ မဖြစ်မနေ စပြီးလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆန်းတို့က အားကစားဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်၊ လက်ဝှေ့၊ ခရစ်ကက်၊ စက်ဘီး၊ ဓားခုတ်၊ ဘောလုံး၊ ဖူဆယ်၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလပ်၊ ပီတန်း၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ အေရိုးဗစ်၊ ဝူရှူး အားကစားနည်းမှ နည်းပြများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်