Skip to main content

ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့များက ထပ်မံမီးရှို့ဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၂၅

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်အချို့အား နိုဝင်ဘာ ၂၄ ရက်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါရပ်ကွက်ရှိ သွပ်မိုး၊ ပျဉ်ကာ လူနေအိမ် ၃၀ လုံး၊ ၆ ခန်းတွဲ ဈေးဆိုင်ခန် ၁ လုံးနှင့် ဘုရားရှိခိုးကျောင်း ၁ ကျောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၇၀၀ ကျော်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းသမားများအနေဖြင့် အောက်တိုဘာ ၂၉ ရက်တွင် အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်း အနီးရှိ နေအိမ်များနှင့် အချို့မီးလောင်လွယ်သည့် ပစ္စည်းများကို စုပုံမီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါရပ်ကွက် အတွင်းရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ လူနေအိမ် ၇၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG၊ CRPH၊ PDF စသည့် အကြမ်းဖက်အဖွဲ့ အစည်းများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏ လုပ်ဆောင်၍ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်