Skip to main content

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ လူကိုယ်တိုင် တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ online ကတစ်ဆင့် တက်ရောက်ခြင်းဖြင့် လည်းကောင်း ပုံစံနှစ်မျိုး ပေါင်းစပ်ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ ဌာနအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ဆောင်ပုဒ်ဖြစ်သည့် “Orange the world: End violence against women now!" "အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” နှင့်အညီ အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ထိပါးနှောင့်ယှက်ခံရမှု၊ အကြမ်း ဖက်မှုများကြုံတွေ့နေရမှု အပေါ် ကျူးလွန်ခံရသူကို မိဘဆွေမျိုး၊ အိမ်နီးချင်း၊ ပတ်ဝန်းကျင်တို့က ပြစ်တင်ရှုတ်ချခြင်း၊ ပစ်ပယ်ခြင်း မပြုဘဲ ကာကွယ်ဖေးမပေးခြင်း၊ စာနာနားလည်ပေးခြင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးတိုင်းအတွက် လိုအပ်သည့် လူမှုရေး အထောက်အပံ့ ကောင်းများကို လွယ်လင့်တကူရရှိစေရန် ပံ့ပိုးပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ရပ်တည်ကူညီပေးမည့် မိသားစု၊ အိမ်နီးချင်း အသိုင်းအဝိုင်းတစ်ခု ရှိနေပေးခြင်း၊ အကြမ်းဖက်မှုကျူးလွန်သူတိုင်းကို ပြစ်မှုနှင့် လျော်ညီထိုက်တန်သည့် ပြစ်ဒဏ်ပေးနိုင်ပြီး ထိရောက်သော ဥပဒေဖြင့် အကာအကွယ်ပေးခြင်း စသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမှ ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ်များ၊ မူဝါဒများ၊ စီမံကိန်းများ၊ စီမံချက်များ၊ လမ်းညွှန်ချက်များကို ချမှတ်ဖော်ဆောင်သည့် နေရာတွင် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများကပါ ဝိုင်းဝန်း ပူးပေါင်းပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယခုထက် ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ဆောင်ရွက်ရန် ကျန်နေသေးသည်များကိုလည်း ယခုပင်စတင် ဆောင်ရွက်ပေးကြပါဟု ပြောကြားသည်။

ထို့နောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အသိပညာပေးဆိုင်ရာ Video Clip ကို ပြသသည်။

ယင်းနောက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ အကြိုလှုပ်ရှားမှု အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ပထမဆုရရှိသူ ဦးသန်းထွဋ်ဝင်း နှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုပွဲမှ ဆုရရှိသူ ဦးဇော်ဟိန်းအောင်တို့ အား ပြည်ထောင်စုဝန်ကြီးက ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိ ဖြေဆိုပွဲမှ ဆုရရှိသူ ဒေါ်မေဦးဟန်အား ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဒေါ်စုစုမော် အား နေပြည်တော်၊ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ တို့က ဆုချီးမြှင့် ပြီး ကျန်ဆုရရှိသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပမည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်