Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁ဝ/၂ဝ၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲ ကို တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့် ရှိသူများ၊ သတင်းမီဒီယာများ အားလုံးကျန်းမာရွှင်လန်းကြပါစေဟု ဦးစွာဆန္ဒမေတ္တာပို့သ အပ်ပါ ကြောင်း၊ ယနေ့သတင်းစာရှင်းလင်းပွဲတွင် အဓိက ပြောကြားသွားမည့် အကြောင်းအရာများ မှာ (တစ်)မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ကျင့်သုံးလာသည့် နိုင်ငံခြားရေး မူဝါဒများနှင့် မျက်မှောက်အခြေအနေ၊ (နှစ်) နိုင်ငံတော် အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ (သုံး) NUG ၊ PDFအမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ဆောင်ချက်များ၊ (လေး) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရှင်းလင်းသင့်သည် များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ အစီအစဉ် (၁) မှ (၃)အထိ မိမိအနေဖြင့် ရှင်းလင်းပြောပြသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အပိုင်းကို ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ပထမဦးစွာ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေး မူဝါဒ သို့မဟုတ် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် မည်သည့်အခါမှ ရိုးသွားမည် မဟုတ် သည့် ဆိုရိုးစကားများရှိကြောင်း၊ ''နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် အမြဲတမ်းရန် သူ၊ အမြဲတမ်းမိတ်ဆွေဟူ၍ မရှိနိုင်၊ အမြဲတမ်းမပြောင်းလဲသော အရာကား အမျိုးသားအကျိုး စီးပွားသာလျှင်ဖြစ်သည်''ဟုပြောလိုကြောင်း၊ ထိုအဆိုက ၁၆ဝဝ ပြည့်နှစ်လောက်ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိလည်း နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ရည်ညွှန်း နေရဆဲ၊ မှန်ကန်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဟင်နရီကစ်ဆင်ဂျာက ''နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်၌ ကမ္ဘာကြီးသည် ယခုအထိ Reality ဘောင်မှ မလွတ်မြောက်သေး'' ဟု ဆိုခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

မိမိတို့မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ခေတ်အဆက် ဆက်ကျင့်သုံးလာ သည့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာကြည့်လျှင် အပြောင်းအလဲ ၃ ခုအပေါ်မူတည်ပြီး လေ့လာနိုင်ပါကြောင်း၊ ထိုအကြောင်းအရာများသည် လွတ်လပ်၍ ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒနှင့် လွတ်လပ် တက်ကြွ ပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒများဖြစ်ပါကြောင်း၊ အခြေခံဥပဒေ ၃ ခုအပေါ် မူတည်ပြီး လေ့လာတာဖြစ်ကြောင်း ပြောကြားသည်။

 

လွတ်လပ်၍ဘက်မလိုက်သော မူဝါဒကို ချမှတ်ကျင်းသုံခဲ့

 

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)၊ ပုဒ်မ ၂၁၂ တွင် ''ပြည်ထောင်စုမြန်မာ နိုင်ငံသည် ပြည်ထောင်စုအချင်းချင်း တရားမျှတမှုနှင့် နိုင်ငံတကာတို့ စောင့်ရှောက်အပ်သော ကျင့်ဝတ်မပြတ် ပေါင်းဖက်ဆောင်ရွက်ရေးကို လည်းကောင်း ရွေးရမည်ဟူ၍ ခိုင်မာသော အဓိဋ္ဌာန်ကိုပြုသည်'' ဟု ဖော်ပြပါရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေး ရရှိသည့်အချိန်ကစပြီး ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂)၊ တော်လှန်ရေးကောင်စီခေတ် (၁၉၆၂-၁၉၇၁) တွေ မြန်မာနိုင်ငံခြားရေး မူဝါဒအနေဖြင့် ''လွတ်လပ်၍ဘက်မလိုက်''သော မူဝါဒကိုချမှတ် ကျင့်သုံးခဲ့ခြင်းကို တွေ့ရပါကြောင်း ပြောကြားသည်။

 

မိမိတို့နိုင်ငံသည် ၁၉၇၁ ခုနှစ်ကစတင်ပြီး လွတ်လပ်၍ ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒမှလွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒသို့ အသွင်ပြောင်းလဲကျင့်သုံးလာခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်က ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆ တွင် ''နိုင်ငံတော်သည် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ကျင့်သုံး၍ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်''ဟူ၍ ဖော်ပြ ပါရှိခဲ့ကြောင်း၊ တပ်မတော်အစိုးရ လက်ထက် နဝတအစိုးရအနေဖြင့် ကြေညာချက်အမှတ် ၃/၈၈ နှင့် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ ကျင့်သုံးသည်ဟု ထုတ်ပြန် ကြေညာ ခဲ့ပါကြောင်း ပြောကြားသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်၊ အပိုဒ် ၄၁ နှင့် ၄၂ တို့မှာ ဖော်ပြထားသည့် နိုင်ငံခြား ရေးဝါဒသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒဖြစ်သည်ကို လေ့လာ တွေ့ရှိရကြောင်း၊ မြန်မာ့နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့တွင် လွှမ်းမိုးနေ သည့်အချက်များ များစွာရှိသော်လည်း အဓိကသြဇာကြီးမား လွှမ်းမိုးနေသည့် သဘော တူညီချက်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့သည့် နိုင်ငံခြားရေးမူဝါဒ ၃ ခုလုံးတွင် ပါဝင်နေခြင်းက ''လွတ်လပ်၍'' ဟူသော အဓိပ္ပာယ်ရသည့် စကားပုဒ်ဖြစ်ကြောင်း ထူးခြားစွာ တွေ့နိုင်ပါကြောင်း ပြောကြားသည်။

 

မိမိတို့နိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံခြားရေး မူဝါဒအပေါ် လွှမ်းမိုးနေသည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ပြောလိုပါကြောင်း၊ ထိုအချက်များမှာ နံပါတ်(တစ်) အနေဖြင့် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန် နံပါတ်(နှစ်)အနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှု မပြုရန်၊ နံပါတ်(သုံး)အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်း ရေးရာများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ နံပါတ်(လေး)အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူ ရည်တူမှု ရှိစေရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးတူဖြစ်ထွန်းရန်၊ နံပါတ်(ငါး)အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် အချက်များဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတကာ ဆက်ဆံရေးတွင် ထိုမူဝါဒများကို တိကျစွာလိုက်နာ ကျင့်သုံးခဲ့ကြောင်း၊ ထိုကဲ့သို့ ကျင့်သုံးနိုင်ခဲ့မှုကြောင့် မိမိတို့နိုင်ငံသည် ယခင်ကဒေသတွင်း၊ ယခု ကမ္ဘာ့အင်အားကြီး နိုင်ငံများ အကြား လွတ်လပ် သောအချုပ်အခြာပိုင်နိုင်ငံအဖြစ် နှစ်ပေါင်း ၇ဝ ကျော်ကြာ ရပ်တည်နိုင် ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခု၏ နိုင်ငံခြားရေးမူဝါဒတိုင်းတွင် ပါသည့် ''လွတ်လပ်၍'' ဆိုသော စကားနှင့် ထိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ကို ပေါင်းစပ်ကြည့်လျှင် ထိုမူကြီး (၅) ရပ်ကို မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်စွာ ကျင့်သုံးခဲ့ကြောင်း၊ ''ဆက်လက်ပြီး ကျင့်သုံးနိုင်ကြောင်း၊ ကျင့်သုံးသင့်တယ်''ဟု တွေ့ရှိရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

အာဆီယံစိတ်ဓာတ်၊ အာဆီယံ နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး

 

မိမိတို့နိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ အာဆီယံပဋိညာဉ်၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံ နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး နေထိုင်ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလတွင် အသင်းကြီး၏ ၂ဝ၁၅ ခုနှစ် အလွန် ရည်မှန်းချက်များဖြစ်သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း APSC၊ အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း AFCC၊ အာဆီယံစီးပွားရေး အသိုက်အဝန်း AEC ထူထောင်ရေး လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

 

ယခုအချိန်အခါတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲက အချို့နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အစည်းအဝေးများ တက်ရောက်ရေးကိစ္စ အပါအဝင် ကိုယ်စားပြုမှုဆိုင်ရာ ကိစ္စများနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများမှာ ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်နေခြင်း တွေ့ရှိရသည့် အတွက် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေတွင် ပဋိညာဉ်များနှင့် ပတ်သက်ပြီး ထင်ရှားသည့် ဥပဒေစကားရပ် တစ်ရပ်ရှိပါကြောင်း၊ ထိုစကားရပ်က လက်တင်ဘာသာ စကားဖြင့် ''Pacta Sunt Servanda (ပန်တာဆွန်စာဗင်ဒါ)ပဲ ဖြစ်ကြောင်း၊ အဓိပ္ပာယ်က ပဋိညာဉ်များကို လိုက်နာရမည့် ဥပဒေသ “Agreements must be kept}} '' ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေမှာ ပဋိညာဉ်များသည် သဘောတူထားသည့် အဖွဲ့များက စိတ်ရင်းအမှန်ဖြင့် လိုက်နာကျင့်သုံးခြင်း '' Executed in good faith'' ကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ပဋိညာဉ်ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကတိကဝတ်များနှင့် ဖော်ဆောင်ရမည့် တာဝန်များကို ၎င်းတို့၏ အမြင့်မားဆုံးစွမ်းရည် “ to the best of their abilities''အဖြစ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်(The ASEAN Charter) သည် '' The Vienna Convention on the law of Treaties '' နှင့် အကျုံးဝင်သည့် ပဋိညာဉ် ဖြစ်ပါကြောင်း၊ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၂၆ အရ ပဋိညာဉ်ကို လက်မှတ်ရေးထိုးမည့် နိုင်ငံများအနေဖြင့် ပဋိညာဉ်တွင် ပါရှိသည့် အချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ အဆိုပါ ကွန်ဗင်းရှင်းမှာ အသက်ဝင်နေသည့် ပဋိညာဉ်များကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနေဖြင့် ရိုးသားစွာ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ထိုအချက်များသည် နိုင်ငံတကာဥပဒေတွင် ရှိပြီးအချက်များဖြစ်သည့်အတွက် နိုင်ငံတိုင်း စောင့်ထိန်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

တည်နေရာ အနေအထားအရ အရေးပါမှု

 

အာဆီယံဒေသတွင်း အခြေအနေနှင့် ပတ်သက်ပြီး အာဆီယံဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အချက်အချာကျကျ တည်ရှိပြီး ကုန်းမြေပိုင်းနှင့် ကျွန်းစုပိုင်းနယ်မြေ များ ပါရှိသည့် ဒေသဖြစ်ပါကြောင်း၊ ထိုသမုဒ္ဒရာ ၂ စင်း၏ ကုန်သွယ်ရေးနှင့် လုံခြုံရေးအရ အရေးပါမှုသည် တစ်နေ့တခြား မြင့်မားလာနေကြောင်း၊ အင်ဒို-ပစိဖိတ်ရပ်ဝန်းဒေသတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်လုပ်ဆောင်ချက်များသည် တစ်နေ့တခြား စိတ်ဝင်စားဖွယ် ကောင်းသည့် အနေအထား ဖြစ်ပေါ်လျက်ရှိကြောင်း၊ အာဆီယံဒေသတွင်းရှိ မလက္ကာ ရေလက်ကြားသည် ကမ္ဘာ့ကုန်သွယ်ရေး၊ လုံခြုံရေးတွင်အရေးပါသည့် နေရာဖြစ်ပါကြောင်း၊ ကုန်သွယ်သင်္ဘောများ အများဆုံးနီးပါး ဖြတ်သွားနေသည့် နေရာဖြစ်ကြောင်း၊ ယင်းနေရာ အနီးတစ်ဝိုက်ရှိ အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံ စသည့် နိုင်ငံများ ရှိပါကြောင်း၊ ယင်းဒေသကို လွှမ်းမိုးလိုသည့် နိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုလည်း ရှိပါကြောင်း၊ ၎င်းတို့၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်နေကြခြင်းများလည်း ရှိသည်ကို သိရှိစေလိုကြောင်း၊ ယခုနှစ် စက်တင်ဘာလတွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့သည် ၃ နိုင်ငံ လုံခြုံရေးဆိုင်ရာ မဟာမိတ် (AUKUS) အဖြစ် ဖွဲ့စည်းမှုကို ကြေညာခဲ့ကြောင်း၊ ထိုအရာသည် ဒေသတွင်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေများ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါနယ်မြေထဲ၌ တောင်အာရှ၏ အရှေ့ဘက်၊ အရှေ့တောင်အာရှဒေသ၏ အနောက်မြောက်ဘက် ဒေသကြီး ၂ ခု ကြားတွင် တည်ရှိနေသည့် အပြင် အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား တည်ရှိနေသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် တည်နေရာ အနေအထားအရ အရေးပါမှုရှိသည်ဟု ဆိုနိုင်ကြောင်း၊ အရေးပါသည်ဆိုတိုင်း သုခချည်းသာလာခြင်း မဟုတ်ကြောင်း၊ အရေးပါမှုတွင် ဒုက္ခနှင့် သုခဒွန်တွဲနေကြောင်း၊ ခေတ်စကားနှင့် ပြောရလျှင် အခွင့်အလမ်း (Opportunity)နှင့် ခြိမ်းခြောက်မှု(Threat)က ယှဉ်တွဲလျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသည့် ကိစ္စတွေသည် ထိုအရာများနှင့် အနည်းနှင့်အများ ဆက်စပ်လျက်ရှိကြောင်း အသိပေးလိုပါ ကြောင်းနှင့် သတိရှိကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

မိမိတို့နိုင်ငံသည် တည်နေရာအနေအထားအရ အရေးပါသည်ဆိုလျှင် ထိုအရေးပါမှုများကို အရာရောက်စေရေးအတွက် နိုင်ငံတကာ ဆက်ဆံရေးသည် အစိုးရ၏လုပ်ငန်း၊ သံတမန်များ၏ လုပ်ငန်းသာမက ပြည်သူ့လုပ်ငန်း၊ နိုင်ငံသားတို့၏ လုပ်ငန်းအဖြစ် ခံယူလုပ်ဆောင်နိုင်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံသား သံတမန်ရေးရာ (Citizen Diplomacy) နှင့် လူထုသံတမန်ရေးရာ (Public Diplomacy) တို့ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံသား သံတမန်ရေးရာ(Citizen Diplomacy) အယူအဆတွင် အစိုးရ၏ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးကိစ္စများကို အထောက်အကူပြုပေးနိုင်သည့် အစိုးရမဟုတ်သူများ၊ နိုင်ငံသား အချင်းချင်းဆက်ဆံမှုများ ပါဝင်မည်ဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင် အဖွဲ့အစည်းများ အပြန်အလှန် ဆက်သွယ်ခြင်း၊ စီးပွားရေးအဖွဲ့အစည်းများ အချင်းချင်း ဆက်သွယ်ခြင်း စသည်များပါဝင်ပြီး အစိုးရ၏ သံတမန် နည်းလမ်းများကို လုံးဝအစားထိုးခြင်း မဟုတ်ဘဲ ပါနိုင်သည့်အင်အား အခြေအနေများနှင့် နိုင်ငံ့ကောင်းကျိုး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူထုသံတမန် ရေးရာ (Public Diplomacy)တွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကိုမြှင့်တင်နိုင်ရန်၊ ကာကွယ်စောင့်ရှောက်နိုင်ရန် မိမိနိုင်ငံ၏ပုံရိပ်များ၊ တန်ဖိုးများကို နိုင်ငံတကာက သိရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံအနေနှင့် အာဆီယံအဖွဲ့ထဲကို ၁၉၉၇ ခုနှစ်၊ တပ်မတော်အစိုးရ လက်ထက် ကတည်းက ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရကို ကိုယ်စားပြုဝင် ရောက်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်ကို ကိုယ်စားပြုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အာဆီယံသည် လူမှုအသိုက်အဝန်း တစ်ခုဖြစ်ကြောင်း၊ EU ၊ AU စသည့် အဖွဲ့တွေနှင့် မတူပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုအဖြစ် ပဋိညာဉ်များ၊ စည်းမျဉ်းစည်းကမ်း များကို တိကျစွာ လိုက်နာလျက်ရှိကြောင်း၊ အချို့နိုင်ငံများအနေဖြင့် အယူအဆ၊ အယူဝါဒ ကွဲပြားမှုများ ရှိပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံခြားရေး မူဝါဒအတိုင်း (တစ်)လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြား ရေးဝါဒ (နှစ်) ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး (သုံး) နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးများကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ပညာသင်ယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် အရေးပါပြီး ရပ်တန့်၍မရသည့် လုပ်ငန်းတစ်ရပ်ဖြစ်

 

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပြောကြားလိုပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်မှု အနေဖြင့် မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပိတ်ထားခဲ့ရကြောင်း၊ နစကအစိုးရအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကြောင့် ဇူလိုင်လကစပြီး ကျောင်းများ ထပ်မံပိတ်ထားခဲ့ရကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြား/သင်ယူမှု အခွင့်အလမ်းများ လျော့နည်းခဲ့ရကြောင်း၊ ပညာသင်ယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် အရေးပါပြီး ရပ်တန့်၍မရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ခြင်း ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသားများ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရန် အတွက် ဦးစားပေးပြီး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အချိန်တွင် မိဘပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းလာခြင်း၊ ပိုးတွေ့ရှိမှုနှုန်း သိသာစွာ ကျဆင်းလာခြင်း၊ ကာကွယ်ဆေးထိုးနှံမှုများအား ဦးတည်အုပ်စု ၂၄ ခု သတ်မှတ်ထားသည့် ဦးစားပေး အစီအစဉ်အလိုက်အရ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၂၂၃,ဝ၅၄ ဦး (၁၂ သိန်းကျော်)ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း၊ ဆေးထိုးနှံပြီးစီးမှု ၆၆ % ခန့်ရှိခြင်းကြောင့် နိုဝင်ဘာလ ၁ ရက် နေ့ကစပြီး အခြေခံပညာ ကျောင်းများကို မြို့နယ် ၄၆ မြို့နယ်မှအပ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ ၄၆ မြို့နယ်ရှိ ကျောင်းများ ဆက်လက်ပိတ်ထားရမည့် အခြေအနေဖြစ်ပါက နေအိမ်၌ ကိုယ်တိုင်လေ့လာ သင်ယူနိုင်ရန်အတွက် ဖြေလျော့သင်ရိုး(Reduced Curriculum)များကို ကျောင်းသား၊ ကျောင်းသူများထံ ရောက်ရှိသည့်အထိ ဖြန့်ဝေဆောင်ရွက်မည် ဖြစ်ကြောင်း၊ နောက်တစ်နည်း က နေအိမ်တွင် ကိုယ်တိုင်လေ့လာ သင်ယူနိုင်သည့် DBE Stick များ ဖြန့်ဝေနိုင်ရန်အတွက် လျာထားစီစဉ်ဆောင်ရွက်နေခြင်းများရှိကြောင်း၊ အဆိုပါ ၄၆ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တဖြည်းဖြည်း ကျဆင်းလာပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေဆိုလျှင် ဖြေလျော့သင်ရိုး (Reduced Curriculum)) အတိုင်း ပြည့်မီအောင် ကျောင်းသား၊ ကျောင်းသူများကို အစားထိုးသင်ယူစေမည့် နည်းလမ်းများနှင့် သင်ကြားပေး နိုင်ရန်အတွက် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍကို ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံသူ ၄,၇၇၂,၉၄၃ ဦး (၄၇ သိန်းကျော်)ရှိပြီး လက်ရှိအခြေအနေ အထိ ကျောင်းတက်ရောက်သူသည် ၃,၃၁၃,၄၈၂ ဦး (၃၃ သိန်းကျော်) ရှိခြင်းကြောင့် ကျောင်းတက်မှု ရာခိုင်နှုန်းအားဖြင့် ၇ဝ% ခန့်ရှိပါကြောင်း ပြောကြားသည်။

 

 

သင်ခန်းစာများ သင်ယူမှုအခြေအနေနှင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူရာတွင် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာများကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အဆင့်မြင့်ပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး သင်ကြားမည့် ကာလနှင့် လိုက်လျောညီထွေရှိသည့် ဖြေလျော့သင်ရိုး(Reduced Curriculum) ကို ညှိနှိုင်းရေးဆွဲပြီး သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာအတန်း အားလုံးအတွက် မူလသတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်း ၁ဝဝ ရာခိုင်နှုန်းအနက် ၆ဝ ရာခိုင်နှုန်းခန့်ကို ကျောင်းတွင်သင်ကြားပြီး၊ ကျန် ၄ဝ ရာခိုင်နှုန်းခန့်ကို ကိုယ်တိုင်လေ့ကျင့်ရမည့် သင်ခန်းစာနှင့် အိမ်တွင်း လေ့ကျင့်ခန်းပြုလုပ် သည့် ပုံစံအဖြစ်ပြောင်းလဲပြီး ကျင့်သုံးသင်ကြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။

 

ကျောင်းအမြန်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်

 

စာမေးပွဲစစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများအနေဖြင့် ကျောင်းသားများ၏ သင်ယူမှု၊ တတ်မြောက်မှုရလဒ်ကို တိုင်းတာရန်အတွက် ကျောင်းတွင်းစစ်ဆေး အကဲဖြတ်ခြင်းကို ပထမ နှစ်ဝက်စစ်ဆေးခြင်းနှင့် နှစ်ဆုံးစစ်ဆေးခြင်းဆိုပြီး ၂ ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမနှစ်ဝက် စစ်ဆေးခြင်းကို ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမပတ်အတွင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုစစ်ဆေးခြင်းတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ သင်ယူခဲ့သည့် သင်ခန်းစာ များ ပါဝင်မည်ဖြစ်ကြောင်း၊ နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လလောက်တွင် စစ်ဆေးရန် ရည်မှန်း ထားပြီး ဇန်နဝါရီလမှ မတ်လအတွင်း သင်ယူခဲ့သည့် သင်ခန်းစာများကို စစ်ဆေး အကဲဖြတ် မည်ဖြစ်ကြောင်း၊ သင်ရိုးဟောင်း (Grade-11) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဧပြီလသင်္ကြန် မတိုင်ခင်အတွင်း စစ်ဆေးမည်ဖြစ်ပြီး ကျောင်းတွင်းစစ် အတန်းများ၏ နောက်ဆုံးစစ်ဆေးခြင်း ကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်မီ မတ်လအတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ (Grade-1 ကနေ Grade-3)ထိ တတ်မြောက်မှု စစ်ဆေးခြင်းကို စာသင်ခန်းအတွင်း ပုံမှန်စစ်ဆေး အကဲဖြတ်ခြင်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာသင်နှစ် ကာလသည် ၆ လ ခန့်သာကြာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိမေတ္တာရပ်ခံလိုသည်မှာ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းအပ်နှံမှု မနှောင့်နှေးစေဘဲ အချိန်မီအပ်နှံရန်၊ ကျောင်းခေါ်ချိန်ပြည့်မီစေရန် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအမြန်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်မေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များ ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုသည့် မူဝါဒအတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ လုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အစိုးရ၊ ပြည်သူလူထု၊ လူမှုရေးအသင်းအဖွဲ့များနှင့် တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အဆိုပါလ နောက်ဆုံးပတ်အတွင်း ရောဂါပိုး ကူးစက်မှုနှုန်းသည် ၂ ဒသမ ၃၅ ရာခိုင်နှုန်းသာ ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ရောဂါပိုးကူးစက်မှု အများဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဆေးစစ်ခဲ့သူများအနက် ၄၁ ရာခိုင်နှုန်း ပိုးတွေ့ရှိ ခဲ့ခြင်းနှင့် ယှဉ်လျှင် ပိုးတွေ့ရှိမှုနှုန်းသည် ၃၈ ဒသမ ၆၅ ရာခိုင်နှုန်းထိလျှော့ချနိုင်ခဲ့ကြောင်း၊ ထိုလုပ်ဆောင်ချက်များသည် မိမိတို့အားလုံး၏ တာဝန်သိသိ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အကျိုးကျေးဇူးများကြောင့် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုအပေါ် ကျန်းမာရေး စောင့်ရှောက်မှုမည်မျှအထိ အလေးအနက်ထားသည်ကို ဖော်ပြချက်တစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပြီး Stay at Home အကျုံးဝင်သည့်မြို့နယ် ၁၁ မြို့နယ်သာရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကောင်းမွန်လာမှုနှုန်း (Recovery) အနေဖြင့် ၉၈ ဒသမ ၄၇ ရာခိုင်နှုန်းရှိသည့်အတွက် အခြားနိုင်ငံများနည်းတူ ပြန်လည်ကောင်းမွန်မှုနှုန်း ရှိသည်ကို ပြောလိုပါကြောင်း ပြောကြားသည်။

 

ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားအောင် ဆောင်ရွက်နေ

 

ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေးများ ရရှိမှုအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စုစုပေါင်း ၃၁ သန်းကျော်နှင့် မိတ်ဆွေနိုင်ငံများက လှူဒါန်းလာသည့် ကာကွယ်ဆေးစုစုပေါင်း ၁ဝ သန်းကျော်ရရှိပြီးဖြစ်ခြင်းကြောင့် စုစုပေါင်း ၄၁ သန်းကျော် ရရှိပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စုစုပေါင်း ၃၁ သန်းကျော် ဝယ်ယူထားသည့်ဆေးများ အားလုံးရောက်ရှိပြီး ဖြစ်ကြောင်း၊ လှူဒါန်းမှု အနေဖြင့် ၁ဝ သန်းကျော်ဖြစ်ကြောင်း၊ ဝယ်ယူထားသည့်ဆေးများ အားလုံးရောက်ရှိပြီးဖြစ်ကြောင်း၊ လှူဒါန်းသည့် ဆေးများထဲတွင် တရုတ်နိုင်ငံက လှူဒါန်းထား သည့် ၆ သိန်းကျော်သာ ရောက်ရန် ကျန်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ် မြို့ကြီးများအတွက် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် Russia နိုင်ငံထုတ် Sputnik Light ၂ သန်းကို ထပ်မံဝယ်ယူရေး စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလထဲတွင် ရောက်ရှိမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများ အတွက် လိုအပ်သည့် ကာကွယ်ဆေးများ ထပ်မံရရှိရန် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့နှင့် ညှိနှိုင်းဆောင်ရွက်နေသလို စက်မှုဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံနှင့် သဘောတူညီ ချက်ရယူပြီး ပြည်တွင်းတွင် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း ရောက်ရှိနေသည့် ကာကွယ်ဆေး၊ ပြည်ပနိုင်ငံများက ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများကို အသုံးပြုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားအောင် ဆောင်ရွက်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာတွင် နောက်ထပ်ဖြစ်ပွားနေသည့် စတုတ္ထလှိုင်း ထပ်မံဖြစ်ပွားမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ခရီးသွားများ၊ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်

 

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အနေဖြင့် နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ တစ်နိုင်ငံလုံး လူဦးရေ၏ စုစုပေါင်း ၁၅ ဒသမ ၃ သန်းကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁ဝ ဒသမ ၄ သန်း၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၉ သန်း၊ ထိုးနှံပြီး ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၅ ဒသမ ၈ သန်းကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၂၁ ခုနှစ် အကုန်တွင် ရည်မှန်းအသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းထားကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို ကာကွယ်ဆေးထိုး စီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် (VMIS) တွင် စနစ်တကျ ထည့်သွင်းပြီး QR Code စနစ်နှင့် အသိအမှတ် ကတ်ပြားများကို ပြုလုပ်ထုတ်ပေးလျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ထုတ်ပေးခြင်းအားဖြင့် ကာကွယ်ဆေး ထိုးပြီးသူ များအနေဖြင့် ခရီးသွားလာရာတွင် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထား အဖြစ် ပြသနိုင်မည်ဖြစ်သကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးသည့် တာဝန်ရှိသူများ အနေဖြင့် ဆေး ထိုးပြီး/မပြီးကို ခွဲခြားသိရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လျော့နည်းလာခြင်းနှင့် အမျှ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းတွေ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအနေဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ဆောင်ချက်များက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ဆောင်ချက် များကို ပြောကြားလိုကြောင်း၊ ထိုအကြောင်းများ မပြောမီ EAO အဖွဲ့အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေအချို့ကို ဦးစွာပြောလိုကြောင်း၊ EAO အဖွဲ့များထဲက KIA တပ်မဟာ(၃)နှင့် ဆက်စပ်နယ်မြေ၊ KNU တပ်မဟာ(၅) နှင့်ဆက်စပ်နယ်မြေ၊ CNF တို့နှင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကြောင်း၊ ယခု အောက်တိုဘာလနှင့် နိုဝင်ဘာလထဲတွင် ရှမ်းပြည်နယ် အရှေ့မြောက် ဘက်၌ MNDAA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ဖြစ်လာခြင်း တွေ့ရကြောင်း၊ ထိုနေရာ တွင် ထူးခြားချက်က MNDAA ကိုးကန့်အဖွဲ့ဖြင့် ထိတွေ့တိုက်ပွဲတိုင်းတွင် ကျည်သုံးစွဲမှု၊ ခဲယမ်း သုံးစွဲမှု ယခင်ကထက်ပိုပြီး အမြောက်အမြား အသုံးပြုနေခြင်းကို တွေ့ရကြောင်း၊ မိမိတို့ မြေပြင် ရရှိသတင်းနှင့် အခြားအရင်းအမြစ်များက ရရှိသည့် သတင်းများအရ ဥပမာ လက်နက်ငယ်ကျည် ၂၆ဝဝဝဝ ကျော်(၂ သိန်းခန့်နီးပါး)၊ ျွဏွ ဗုံးသီး ၅၃ဝဝ ကျော်၊ ၁ဝ၇ မမဒုံး ၄ဝ ကျော် ပစ်ခတ်ခဲ့ခြင်း တွေ့ရကြောင်း၊ ထိုကဲ့သို့များပြားသည့် ကျည်၊ ခဲယမ်းပမာဏ များရရှိ၊ ပစ်ခတ် နိုင်ခြင်းသည် သံသယရှိဖွယ် အရင်းအမြစ်ကို ဆက်စပ်ဖော်ထုတ်ရန် လိုအပ်သည့် အကြောင်း အရင်းများ ဖြစ်ပါကြောင်း ပြောကြားသည်။

NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များအကြောင်း ပြောလိုကြောင်း၊ ယခုလပိုင်းအတွင်း အကြမ်းဖက် NUG အဖွဲ့က လုပ်ခဲ့သည့် "Hit List" ဆိုသည့် စာရင်းနှင့်ပတ်သက်ပြီး မီဒီယာများ သိပြီး ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခံရပြီး ထုတ်ဖော်မပြောရဲအောင် ဆောင်ရွက်ခံရသူလည်း အများအပြားရှိကြောင်း၊ လက်တွေ့မှာ ခြိမ်းခြောက်ခံရပြီး ထုတ်ဖော်ပြီး မပြောရဲသည့် အခြေအနေများရှိကြောင်း၊ ထိုအကြောင်းနှင့် ပတ်သက်ပြီး အသေးစိတ် မပြောလိုသော်လည်း ခြိမ်းခြောက်ခံရသူ၊ နစ်နာခဲ့သူများ အနေဖြင့် နိုင်ငံတကာ သံရုံးများကို အကြောင်းကြားရာတွင် ထိုသတင်းပေါက်ကြားစေမှုကို အချို့သံရုံး အရင်း အမြစ်များဆီက ရရှိခဲ့ခြင်းတွေ့ရကြောင်း၊ ထိုစာရင်းသည် ၎င်းတို့လုပ်ခြင်း မဟုတ်ဘူးဆိုပြီး NUG အကြမ်းဖက်အဖွဲ့က လူများ အသည်းအသန်ငြင်းပြ၊ ရှင်းပြနေခြင်းကို တွေ့ရပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းများကို နိုင်ငံတကာအဖွဲ့နှင့် သံရုံးအချို့က နှုတ်ပိတ်နေသည်ကိုလည်း အံ့သြဖွယ်ရာ တွေ့ရှိရကြောင်း ပြောကြားသည်။

 

အစွန်းရောက် အတွေးအခေါ်များကို သင်ကြားပေးခဲ့

 

၎င်းတို့ မည်သို့ပင် ငြင်းနေကြပါစေ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အနေဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များလုပ်ရန် သွေးထိုးလှုံ့ဆော်မှုများ သည် မတွေ့ချင်၊ မမြင်ချင်အဆုံးဖြစ်ပါကြောင်း၊ ၎င်းတို့အကြမ်းဖက်ခေါင်းဆောင်များ၊ အဓိက လှုံ့ဆော်သူများ လုပ်ခဲ့သည့် ထင်ရှားသည့် အရာများကို ပြောပြလိုကြောင်း၊ NUG အဖွဲ့က အဓိကလှုံ့ဆော်သူ ဆာဆာအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦး၏ အွန်လိုင်းအကြမ်းဖက် သင်တန်းတွင် တက်ရောက် အားပေး စကားပြောခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် လက်လုပ်သေနတ်၊ လက်လုပ်ဗုံးပြုလုပ် နည်းများ၊ အကြမ်းဖက်ဖောက်ခွဲ နည်းများနှင့် အစွန်းရောက် အတွေးအခေါ်များကို သင်ကြားပေးခဲ့ခြင်းကို လွတ်လပ်သည့် အင်တာနက်မီဒီယာ တစ်ခုဖြစ်သည့် New Naratif က စက်တင်ဘာလ ၉ ရက်နေ့တွင် ဖော်ထုတ်ရေးသားခဲ့ကြောင်း၊ အဆိုပါ New Naratif က ရေးသားခြင်းကို NUG အကြမ်းဖက်အဖွဲ့မှာ ဆာဆာက ထိုသတင်းဌာနကို တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကို တွေ့နိုင်ကြောင်း၊ ယခုပေါ်ထွက်လာသည့် Hit List ကိစ္စကဲ့သို့ ၎င်းတို့ NUG ၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို သက်သေအထောက်အထားများအဖြစ် ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ တန်ပြန်ငြင်းဆို ခြိမ်းခြောက်ခြင်းအတွက် သာဓကပဲဖြစ်ပါကြောင်း ပြောကြားသည်။

 

နောက်တစ်ခုက ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် NUG အကြမ်းဖက်သမား ဇော်ဝေစိုးက လူတော်တော်များများ ပါသည့် Zoom Meeting တစ်ခုတွင် အကြမ်းဖက်လုပ်ငန်းများလုပ်ရန် လှုံ့ဆော်ခဲ့ခြင်းကို ယခင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြသခဲ့ကြောင်း၊ ''အိတ်သေးသေးလေး တွေ သယ်လာရင် ဖွင့်မကြည့်ဖို့လိုတယ်၊ ဖွင့်ကြည့်ရင် ကိစ္စတုံးသွားမယ်၊ အစားအစာတွေလည်း အဆိပ်ခတ်ထားတယ်''ဟု ပြောကြားခဲ့ သည့်ဗီဒီယိုဖိုင်သည် အကြမ်းဖက် လုပ်ငန်းများအတွက် ငြင်းမရသည့် သက်သေများဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အဆိပ်ခတ်ထားသည့် အစားအစာများပေးခဲ့ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ မြန်မာ့ရိုးရာ ပံ့သကူပစ်လှူဒါန်းပွဲကို အသုံးချပြီး ဗုံးထည့်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူလူထုအချို့ သေခဲ့ရခြင်းများသည် ၎င်းတို့၏ ပယောဂမကင်းကြောင်း၊ အလားတူ ယခင် NLD မှ မျိုးရန်နောင်သိမ်းကလည်း ကျောင်းတွေ ဖွင့်တုန်းက ပြည်သူလူထု၏ သားသမီးများကို ကျောင်းမပို့ကြရန်နှင့် ကျောင်းပို့ရင် ခြေပြတ်၊ လက်ပြတ်ဖြစ်သွားနိုင်ကြောင်း၊ အသက်သေဆုံးနိုင်သည်ဟု ခြိမ်းခြောက်သည့် အကြမ်းဖက် လှုံ့ဆော်မှုကို ထင်ထင်ရှားရှား တွေ့နိုင်ကြောင်း ပြောကြားသည်။

 

NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ရက်ရက်စက်စက် သတ်ဖြတ်မှု ကြောင့် ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ သံဃာတော် ၁၂ ပါးပျံလွန်တော်မူခဲ့ရကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့်သေဆုံးခဲ့ပြီး ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေး၊ အကျဉ်းဦးစီး၊ နတလ၊ သစ်တော၊ လျှပ်စစ် စသဖြင့် အခြားနိုင်ငံ့ ဝန်ထမ်း ၃၈ ဦးခန့်သေဆုံးခဲ့ပြီး ၇၉ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခံရသူ စုစုပေါင်း ၂၄၈ ဦးခန့်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂၇ ဦးခန့်ရှိပြီ ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ၏ မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခံရမှုကြောင့် နိုဝင်ဘာလ ၁၅ ရက်အထိ စာသင် ကျောင်း ၄၄၄ ကျောင်း နှင့် ဆေးရုံ/ဆေးခန်းပေါင်း ၂၅ ခုခန့် ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ မြို့နယ် ၁ဝ မြို့နယ်တွင် ဈေး ၁ဝ ခုက ဈေးဆိုင်ခန်းများ၊ လမ်း/တံတားစုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံးခဲ့ရသလို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ် ၆၇ ခု မီးရှို့ဖောက်ခွဲဖျက်ဆီးခံ ခဲ့ရကြောင်း၊ ဒါက NUG ၊ CRPH အကြမ်းဖက် အဖွဲ့အစည်းများ၏ နိုင်ငံတစ်ဝန်းမှာ လုပ်နေတဲ့ အကြမ်းဖက် ဖျက်ဆီးမှု လုပ်ဆောင်နေသည့် လုပ်ဆောင်ခြင်းများ ဖြစ်ကြောင်း ပြောကြားသည်။

 

အကြမ်းဖက်လုပ်ငန်းများလုပ်ရန် စစ်ဆေးရေးစီမံချက်များရေးဆွဲ

 

ဆက်လက်ပြီး ရန်ကုန်မြို့က ဖမ်းဆီးရမိသည့် တရားခံ ဖြိုးဇေယျာသော်ကိစ္စ ပြောလိုကြောင်း၊ ၎င်းကိုဖမ်းဆီးရမိသည့်  သတင်းနှင့် နောက်ဆက်တွဲ သတင်းတော်တော်များများကို ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကိုစစ်ဆေးမေးမြန်းချက်များအရ NUG၊ CRPH အမည်ခံ အကြမ်းဖက် အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့၏ ဆက်စပ်မှုများကို သင်ပုန်းများတွင် အသေးစိတ် ဇယားဆွဲ ဖော်ပြထားကြောင်း၊ ၎င်းအနေဖြင့် NUG ၊ CRPH အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက် အရ တောင်ပိုင်းဒေသ ရန်ကုန်အကြမ်းဖက်အဖွဲ့  ဖွဲ့စည်းထားမှုနှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်၏    ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဆက်စပ် တရားခံများ ဖမ်းဆီးရမိမှုကို ဇယားနှင့် အသေးစိတ်ဖော်ပြထားကြောင်း၊ ၎င်းအနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အရှေ့ပိုင်းခရိုင် အကြမ်းဖက်အဖွဲ့၊ တောင်ပိုင်းခရိုင် အကြမ်းဖက် အဖွဲ့၊ မြောက်ပိုင်းခရိုင် အကြမ်းဖက်အဖွဲ့နှင့်   SOF အမည်ခံ အကြမ်းဖက်အဖွဲ့ ၄ ဖွဲ့ကို  ဖွဲ့စည်းခဲ့ပြီး မြို့နယ်အလိုက် အဖွဲ့ခွဲများကိုလည်း ဖွဲ့စည်းထားကြောင်း၊ အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ဧရိယာ ၇ ခု သတ်မှတ်ထားပြီး ဧရိယာ(၁)တွင် မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ထန်းတပင်ပါကြောင်း၊ ဧရိယာ ၇ တွင် ဒဂုံမြို့သစ်(တောင်)၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံနှင့် သန်လျင် ပါကြောင်း၊ ထိုဧရိယာ ခွဲထားသည်များ၊ ဧရိယာထဲမှာပါသည့် မြို့နယ်များကိုလည်း ပြီးရင် အသေးစိတ်လေ့လာနိုင်ကြောင်း၊ ၎င်းကိုဖမ်းဆီးမရခင်ကတည်းက ၎င်းနှင့်ဆက်စပ်ပြီး အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့သူများ၊ ၎င်းကို ဖမ်းဆီးရမိပြီးနောက် စစ်ဆေးတွေ့ရှိချက် အရ ဖော်ထုတ်ဖမ်းဆီးရမိသည့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ စုစုပေါင်း ၂၉၃ ဦး ရှိကြောင်း၊ လက်နက်ငယ်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ် ၂၃၁ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်မျိုးစုံ ၂ဝဝဝဝ ခန့်၊ ၄ဝ မမဗုံးသီး ၄၃ လုံး၊ လက်လုပ် ဒုံးသီး/ဗုံးသီး ၁၇၅ လုံး၊ လက်ပစ်ဗုံး ၄၈ လုံး၊ မိုင်းမျိုးစုံ ၁၆ လုံး၊ လက်လုပ်မိုင်း ၁ဝ၉၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းအရာများသည် အန္တရာယ်အလွန်ကြီးမား သည့် ပမာဏဖြစ်တယ်လို့ ပြောလိုပါကြောင်း၊ ၎င်းတို့၏ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ် များအနေဖြင့် ၄ ခုကို ဖော်ထုတ်သိရှိရကြောင်း၊ အဆိုပါ ၄ ခုမှာ နံပါတ်(တစ်) ရန်ကုန်မြို့ တွင်း   အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေး အဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် အစိုးရ၏ ယန္တရားပျက်ပြားစေရန်၊ နံပါတ်(နှစ်) အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ များ၊  စီးပွားရေးဆိုင်ရာ အဆောက်အဦများ အပါအဝင် ပညာသင်ကြားမှုများ ရပ်တန့်စေရန် ရည်ရွယ်ပြီး   စာသင်ကျောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးခြင်း ဆောင်ရွက်ရန်၊ နံပါတ် (သုံး) ပျံလွှားအောင် စစ်ဆင်ရေးအမည်ဖြင့် Level-2 အဆင့်မြှင့်တင်၍ စစ်ရေးဆိုင်ရာပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက်ခြင်းအပြင် အင်အားနည်းသည့် လုံခြုံရေး စခန်းများအား ဝင်ရောက် တိုက်ခိုက်၍ လက်နက်ခဲယမ်းများ လုယူရန်၊ နံပါတ်(လေး) ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ၃ တိုင်းမှာ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန် ဟံသာဝတီ စစ်ဆင်ရေးစီမံချက်များ ရေးဆွဲနေသည် ဆိုသည်ကို သိရှိရပါကြောင်း ပြောကြားသည်။

 

အကြမ်းဖက်သမများပုန်းခိုနေထိုင်ရန် တိုက်ခန်းနှင့်အိမ်ငှားရမ်း

 

ဖြိုးဇေယျာသော် ကိုယ်တိုင် နောက်ကွယ်ကနေ ပါဝင်ခဲ့သည့် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှု ၂၆ ခုစာရင်းကိုလည်း ဖော်ပြထားပါကြောင်း၊ ဖြိုးဇေယျာသော်ကနေ လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ထုတ်ပေးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အသေးစိတ်ဓာတ်ပုံများကို ဖော်ပြထားကြောင်း၊ ခေါင်းစဉ်အနီဖြင့် ဖော်ပြထားခြင်းများက လုံခြုံရေးနှင့် ဆိုင်သည့်နေရာ များ၊ လူများဖြစ်ကြောင်း၊ ခေါင်းစဉ်အစိမ်းဖြင့် ဖော်ပြထားခြင်းက သာမန်အရပ်သားများ ဖြစ်ကြောင်း၊ ခေါင်းစဉ်အပြာဖြင့် ဖော်ပြထားခြင်းက အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အကြမ်းဖက်သမားများ ပုန်းခိုနေထိုင်ရန် အတွက် Safe House အမည်ခံ တိုက်ခန်း နှင့်အိမ် ၂၆ လုံးကို တာမွေ၊ ကြည့်မြင်တိုင်၊ သာကေတ၊  တောင်ဥက္ကလာ၊  သင်္ဃန်း ကျွန်း၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်းတို့တွင် ငှားရမ်းခဲ့ခြင်းကို တွေ့ရ ကြောင်း၊ ကိုစစ်ကြောချက်များ၊ ၎င်းထံမှ ရရှိသည့် မှတ်စုစာအုပ်များ၊ ဖုန်းနှင့်ကွန်ပျူတာများထဲက ရရှိသည့် သတင်းအချက်အလက် အချို့အရ  အဆိုပါအခန်း ငှားရမ်းခများ၊ အကြမ်းဖက်ရာမှာ အသုံးပြုသည့် မော်တော်ယာဉ်များ ဝယ်ယူငှားရမ်းခ၊ အကြမ်းဖက်မှုအတွက် ကုန်ကျစရိတ်များကို ဘယ်ကရသလဲ၊ ဘယ်သူတွေက ပေးသလဲ၊ လက်နက်တွေ ဘယ်ကရသလဲ၊ ဘယ်လိုသယ်ဆောင်ခဲ့တာလဲဆိုသည့် အချို့ထုတ်ဖော် ပြောသင့်သည့်၊ ပြောရမည့် အချက်အလက်များကို သင်ပုန်းတွင် အသေးစိတ် ပြသထားကြောင်း၊ သေချာလေ့လာကြည့်လေ စိတ်ဝင်စားစရာ ကောင်းကြောင်း၊ သတင်းစာ ရှင်းလင်းပွဲပြီးရင်လည်း ဒီဇယားများနှင့် ပတ်သက်ပြီး မီဒီယာများကို မိမိကိုယ်တိုင် လိုက်လံ ဆက်စပ်မှုများကို ရှင်းပြပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက် အားပေးငွေများကို ဖြူဖြူသင်း၊ ဝင်းမြတ်အေး၊ ရည်မွန်နှင့် လွင်ကိုလတ်တို့ထံက ရခဲ့သလို အမေရိကန်၊ နော်ဝေနှင့် သြစတြေးလျနေ မြန်မာများဟု  အမည်ခံထားသည့်အဖွဲ့၊  ပြည်ပရောက်မီဒီယာ တစ်ခုထံကရခဲ့ ကြောင်း၊ အနည်းဆုံး သိန်း ၇ဝဝဝ နီးပါး ရှိခဲ့ကြောင်း၊ အချို့ကို ဥပမာအနေဖြင့် ထုတ်ပြရလျှင် သြဂုတ်လ ၂၁ ရက်နေ့တွင် ဝင်းမြတ်အေးက ဖြိုးဇေယျာသော်ထံ Signal ကနေဆက်သွယ်ပြီး ''မောင်ကျော်ရေ၊ ရန်ကုန်ကို Hundy နှင့်ပို့ရမယ်ဆို၊ ထုတ်ယူလက်ခံမည့်သူ အမည်၊ Signal no ပို့ပေးဦးနော်၊ လာမည့် တနင်္လာ၊ အင်္ဂါလွှဲတော့မယ်။ ငွေက ဘတ် ၈ သိန်းပါ '' ဟုပေးပို့ခဲ့ပါကြောင်း၊ ဥပမာ တစ်ခုသာဖြစ်ပါကြောင်း၊ လက်နက်ပို့ဆောင်သည့် နည်းတွေထဲ က  တစ်ခုကိုပြောလိုကြောင်း၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျော်ခင်ဆိုသူက Signal ကနေ ဆက်သွယ်ထားရာ ''အောင်မင်္ဂလာဝင်း ကားဂိတ်မှာ အောက်ဆီဂျင်အိုး သွားထုတ်ရမယ်။ ပြီးရင် အောက်ဆီဂျင်အိုး အပေါ်ကနေ လက်ငါး လုံးစာလောက်  ကော်ဖတ်တိုက်လိုက်၊ စပ်ရာပေါ်လာ လိမ့်မယ်။ အဲဒီမှာ မူလီ ၃ လုံး ရှိကြောင်း၊၊ L Key နှင့်ဖြစ်ဖြစ်၊ ဝက်အူလှည့်နှင့် ဖြစ်ဖြစ် အဲဒီမူလီ ၃ လုံးကို လှည့်ဖွင့်လိုက်ရင်ရပြီ။ ပစ္စည်းတွေ မလှုပ်အောင် အခြားဟာတွေနှင့် ရောထားတာမို့ ဖြည်းဖြည်းချင်း ထုတ်လိုက်၊ ပစ္စည်း အစုံပါလိမ့်မယ်။ TNT ယမ်း အချောင်း ၁၆ဝ နှင့် အတို ၃ လက်၊ ကျည် ၁၅ဝဝ '' ဟူ၍ပြောထားကြောင်း၊ ယခင်က ထိုနည်း လမ်းပေါင်းစုံ နှင့်  ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သို့ညစ်ပတ်စုတ်ပဲ့သည့် အကြံအစည်ဆိုတာ တွေ့နိုင် ကြောင်း။

 

အကြမ်းဖက်အားပေးသူများဖြစ်သွားမည်

 

မိမိတို့နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူလူထု ဒုက္ခရောက်နေချိန်တွင် အစိုးရ အနေဖြင့် အောက်ဆီဂျင်အိုးများ၊  အောက်ဆီဂျင် ကွန်စန်ထရေတာများ၊  ဆေးဝါးများကို စစ်ဆေးမှုကြောင့် အချိန်မကြန့်ကြာစေရန် ရည်ရွယ်ပြီး ကျယ်ကျယ်ပြန့်ပြန့်တင်သွင်း ခွင့်ပေးခဲ့ခြင်းကို ထိုကဲ့သို့ ယုတ်မာလှသည့် အကြမ်းဖက်သမားများက ကောက်ကျစ်စွာ ကြံစည်လုပ်ဆောင်ပြီး အောက်ဆီဂျင်အိုးများထဲမှာ လက်နက်နှင့်ဖောက်ခွဲရေးပစ္စည်းများ ထည့်ပြီး တင်သွင်းခဲ့ကြောင်း၊ ထိုအရာ များဖြင့် လူသတ်ခဲ့၊ ဗုံးထောင်ခဲ့၊ ဖောက်ခွဲခဲ့ကြောင်း၊ ယုတ်မာကောက်ကျစ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ထိုအောက်တန်းကျသည့် လုပ်ဆောင် ချက်များရှိသည့် အကြမ်းဖက်အဖွဲ့များကို မျက်စိစုံမှိတ် ထောက်ခံပံ့ပိုးပေးနေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊   နိုင်ငံများအနေဖြင့် ၎င်းတို့၏ရည်ရွယ်ချက်သည် ဘာလဲဆိုတာ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမား၊ အကြမ်းဖက်အဖွဲ့များကို အားပေးလျှင် အကြမ်းဖက် အားပေးသူများဖြစ်သွားမည်ဖြစ်ကြောင်း၊  ဖြိုးဇေယျာသော်၏ အချို့သောမှတ်စု စာအုပ်၊ အစည်းအဝေး မှတ်တမ်းစာအုပ်များ ဖြစ်ကြောင်း၊ အစည်းအဝေး မှတ်တမ်းစာအုပ်ထဲက မူရင်းအချို့ကို သူရေးထားသည့်အတိုင်း မိမိဖတ်ပြမည် ဖြစ်ကြောင်း၊ နိုဝင်ဘာ ၄ ရက်နေ့ မှတ်တမ်းတွင် '' Ambush Attack တွေ (ချောင်းမြောင်းတိုက်တာတွေ) ထက်    Assassination (လုပ်ကြံသတ်ဖြတ်) လုပ်တာမျိုးကို ပိုအားပေး ''၊ နောက်တစ်ခုက ''လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း အခွန်ရုံး၊ EPC ရုံးတွေကို UG အဖွဲ့နှင့်တွဲပြီး သတိပေး ဖောက်ခွဲမှုလုပ်ဖို့''လို့ ရေးမှတ်ထားကြောင်း၊ အချို့မှတ်စုစာအုပ်တွင် လက်လုပ်မိုင်း၊ ဗုံးမှာ ပါဝင်ရမယ့်ပစ္စည်းတွေ ရေးသားထားပါကြောင်း၊  ဒါဖော်ထုတ်ရရှိ သက်သေအထောက်အထားထဲက တစ်ပိုင်းတစ်စမျှ သာဖြစ်ပါကြောင်း၊ အချို့ EAO အဖွဲ့များနှင့်ဆက်သွယ်မှု၊ နာမည် အတိအကျ၊   ဖုန်းနံပါတ် အတိအကျဖြင့် ပါကြောင်း၊ အကြမ်းဖက် ဖြိုးဇေယျာသော်နှင့် ဆက်စပ်သူတွေ၏ အကြမ်းဖက် လုပ်ရပ်များ၊ ဆက်စပ်မှုများကို မိမိပြည့်ပြည့်စုံစုံ ပြသထားပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲအပြီး Media များကို အသေးစိတ် ပြသပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်