Skip to main content

အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်

နေပြည်တော် ဒီဇင်ဘာ ၁

“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ (၂/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင် အမြဲတမ်း အတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး က ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မိမိတို့ကော်မတီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေး ကော်မတီ  အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် အခြေအနေများ အား ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြု ဆွေးနွေးခဲ့ကြသည်။

အကြံပြု ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်