Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်  ဒီဇင်ဘာ ၃

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ မှ လူမှုရေးဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊  မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မြန်မာ နိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာ နိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအ သင်း၊ ရင်ခွင့်မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များ အသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ တာဝန် ရှိသူများ၊ ပြည်တွင်း ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထား သူများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကျင်းပလျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အနေဖြင့် မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် လူသားတိုင်း ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့ပါကြောင်း။

ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်(၄၇/၃) အရ  နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် ၁၉၉၂ ခုနှစ်မှစတင်၍ ဂုဏ်ပြုသတ်မှတ် ကျင်းပခဲ့ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် (၂၈) ကြိမ် ရှိပြီဖြစ်ပါကြောင်း။

ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် ချမှတ်ပေးသည့် ဦးတည်ချက် ဆောင်ပုဒ်မှာ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင် ကြိုးစားပေး” (Leadership and participation of persons with disabilities toward an inclusive, accessible and sustainable post-COVID-19 world)   ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေး အများနည်းတူရရှိခံစားပိုင်ခွင့် နှင့် မသန်စွမ်းသူများကြုံတွေ့နေရသည့် မညီမျှမှုများ လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း။

ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး များကို အခြေပြုသည့် တရားမျှတမှု၊ ကောင်းကျိုးစီးပွားနှင့် လူ့အဖွဲ့အစည်းအတွင်း လူတန်းစေ့ ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို ပြည့်မီစွာရရှိစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများ (၂၀၁၇) ကိုလည်းကောင်း ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။

ယင်းဥပဒေ၊ နည်းဥပဒေတို့ကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်နှင့် လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းပြီးအစည်းအဝေးများကျင်းပ ခဲ့ပါကြောင်း၊ ယင်းအစည်းအဝေးများတွင် မသန်စွမ်းသူများ၏ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုရေး၊ ဥပဒေပိုင်းဆိုင်ရာနှင့် အခြေခံလိုအပ်ချက် အရင်းအမြစ်များကို ဖြည့်ဆည်းနိုင်မည့် စီမံကိန်းများ၊ လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါ‌ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုကဲသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံတွေ့နေရသည့် အချိန်ကာလတွင် ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ်အရ မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူနှင့်အညီ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ငွေကြေးထောက်ပံ့မှု ပေးခဲ့ပါကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အုပ်စုအလိုက် ဦးစားပေးထိုးနှံရမည့် အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ရာတွင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်အုပ်စုများအတွက် အစီအစဉ်များကို ထပ်မံထည့်သွင်း၍ ဦးစားပေးထိုးနှံ ပေးလျက်ရှိပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း မသန်စွမ်းသူများ ရင်ဆိုင်ခံစားနေရသည့် အတွေ့အကြုံများအပေါ်မူတည်ပြီး မသန်စွမ်းသူများအကျုံးဝင် ၂၀၃၀ အစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တို့ကို စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်လေ့လာအကဲခတ်ခြင်း တို့ကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့ သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင် ပါဝင်ကြိုးစားပေး ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ အား ရင်ဆိုင်တုံ့ပြန်ရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ အလွန် လူသားအားလုံးအတွက် ပိုမို သာယာလှပသည့် အနာဂတ်ကမ္ဘာဖန်တီး တည်ဆောက်ရာတွင်လည်းကောင်း၊ မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများအရေးလှုပ်ရှားဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း များနှင့် ရင်းနှီးချစ်ကြည်စွာ လက်တွဲ၍ စုပေါင်းအားဖြင့် လက်တွဲဆောင်ရွက် ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဂုဏ်ပြုစကားပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကို  ပြသပြီး ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် ပြိုင်ပွဲများ၌ ဆုရရှိကြသူများ၏ အမည်စာရင်းများကို ကြေညာသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သော စာအုပ်များနှင့် လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်