Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးရာ နိုင်ငံဝန်ထမ်းအဖွဲ့အစည်း အဖြစ် ရပ်တည် နိုင်ရေးကြိုးပမ်း

နေပြည်တော်၊ ဒီဇင်ဘာ ၃

နိုင်ငံတော်၏ ဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးဟူသည့် လူမှုရေးဦးတည်ချက်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေးနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးရာ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်ဝန်ကြီးဌာန ဖူဆယ်ဘောလုံးကစားကွင်းဖွင့်ပွဲနှင့် ပထမအကြိမ် ပြည်ထောင်စု ဝန်ကြီးဖလား ဖူဆယ် ဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ နိုင်ငံဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ရေး နှင့် လုပ်ငန်းခွင်အတွင်း တက်ကြွ ပျော်ရွှင်စွာ စွမ်းဆောင်နိုင်ရေး၊ အစုအဖွဲ့လိုက် စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေး တို့အတွက် အားကစား နည်းများအလိုက် ကျွမ်းကျင်စွာ လေ့ကျင့် ယှဉ်ပြိုင်နိုင်ရေးအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ချိန်တည်းတွင် မိမိဝန်ကြီးဌာနနှင့် နိုင်ငံ့ဂုဏ်ကိုဖော်ဆောင် ပေးနိုင်မည့် ထူးချွန်သည့် အားကစား သမားများ မွေးထုတ်ပေးနိုင်ရေးကိုလည်း ကြိုးပမ်းကြရန်လိုအပ် ကြောင်း၊ အဆိုပါလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အဆင့်မီ အားကစား ကွင်းများ နှင့် အထောက်အကူပစ္စည်းများ ပြည့်စုံရန် လိုအပ်သည့်အတွက်  ယနေ့ဖွင့်လှစ်မည့် ဖူဆယ် ဘောလုံးကစားကွင်းကို ပြည်ထောင်စုဝန်ကြီးရုံးအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ လာရောက် ကစားနိုင်ကြမည်ဖြစ်ကြောင်း၊ အလားတူ အခြားအားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ရာ အားကစားမောင်မယ်များ အနေဖြင့်လည်း နိုင်ငံဂုဏ်ဆောင် အားကစားသမားအဆင့်အထိ ကြိုးစားလေ့ကျင့်၍ ထူးချွန်စွာ ယှဉ်ပြိုင် ကစားနိုင်ရေး ကြိုးပမ်း ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန် တို့က ဖူဆယ် ဘောလုံးကစားကွင်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပထမအကြိမ် ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ကိုကျင်းပပြီး ဆုရအသင်းများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်