Skip to main content

အရေးပေါ်အခြေအနေကို နားလည်ခြင်း

လမ်းပေါ်တွင် ပုံမှန်အတိုင်း မိမိဘာသာ ကားမောင်းနေစဉ် နံဘေးမှ ရုတ်တရက် ထိုးဝင်လာသည့် ကားကြီး တစ်စီးကို ကြုံလိုက်ရ သည့်အခါမျိုးတွင်လည်းကောင်း၊ မိမိဘာသာရွာထဲ၊ အိမ်ထဲရှိနေစဉ် မိုးရွာလေတိုက်မှု အရှိန်ပြင်းထန်လာကာ ရေလုံးကြီးများ ရုတ်တရက် လျှံတက် လာသည့် အခိုက်များတွင်လည်းကောင်း၊ မြို့ထဲ မိမိတိုက်ခန်းထဲ လဲလျောင်း စာဖတ်နေခိုက် မီးလန့်သံနှင့်အတူမီးတောက်မီးလျှံကြီးများ နံဘေး အခန်း ရောက်လာ နေသည်ကို ရုတ်တရက် ကြုံလိုက်ရသည့် အချိန်မျိုးတွင်လည်းကောင်း ဘယ်သို့ တုံ့ပြန်ရမည်၊ ဘယ်ပုံ ရှောင်ပြေး ရမည်။ အရင်ဆုံး ဘာလုပ်ရမည် စသည်တို့ကိုချက်ချင်းဆုံးဖြတ်ရင်ဆိုင်ရန် မည်မျှခက်ခဲ မည်ဆိုခြင်းကို တွေးဆနားလည်နိုင်ကြပါမည်။ ။

သည်လိုအဖြစ်မျိုးကို အရေးပေါ်အခြေအနေဟု အမည်တပ်လေ့ရှိ ပါသည်။ အရေးပေါ် အခြေအနေ ဖြစ်လာသည့်အခါ ခေါင်းအေးအေး ပညာဉာဏ်ဖြင့် တုံ့ပြန်တတ်သူများရှိသလို၊ ပျာယာခတ်သွားကာ ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိဖြစ်သွားရသည့်သူမျိုးလည်း ရှိပါသည်။ အဓိက အားဖြင့်မူ အရေးပေါ် အခြေအ နေသည် မျှော်လင့်မထားသော ဖြစ်ပျက်မှုကို ရင်ဆိုင်ရခြင်းဖြစ်သည့်အတွက် မည်သို့ရင်ဆိုင်ရမည်ကို ရုတ်ခြည်း မဆုံးဖြတ်နိုင် ဖြစ်တတ်သည်မှာ သဘာဝပဲဖြစ်ပါသည်။

နေ့စဉ်လှုပ်ရှား၊ သွားလာ၊ အလုပ်လုပ်ကိုင်၊ ပညာသင်စသည်ဖြင့် ရှင်သန်နေထိုင်နေသည့် ပုံမှန်အနေ အထားတွင် တော်ရုံမသိသာလှသော ကိစ္စများသည် ပုံမှန်အနေအထားမှ ကျော်လွန်ဖြစ်ပွားသည့် အရေးပေါ် အခြေအနေမျိုးတွင် များစွာကြီးကျယ်သွားတတ်သည်ဟု ဆိုရပါမည်။ အထူးသဖြင့်မူ လူတစ်ဦးချင်းထက် လူများစု လူစုလူဝေးဖြင့် ကြုံတွေ့ ရတတ်သည့် ကိစ္စမျိုးတွင် များစွာပိုမိုသတိထားရန် လိုပါမည်။

ထို့ကြောင့် ဖြစ်ပွားတတ်သည့် အရေးပေါ်အခြေအနေမျိုးကြုံလျှင် မည်သို့တုံ့ပြန်ရင်ဆိုင်ရမည်ကို မဖြစ်မနေ ကြိုတင်လေ့ကျင့်ကြရန် နိုင်ငံကြီးများတွင် စီမံပေးလေ့ရှိပါသည်။ မုန်တိုင်းလာတတ်သည့် ဒေသ များတွင် မုန်တိုင်းဘေးမှ ရှောင်နိုင်ရေး၊ မီးလောင်မှု အချက်ပေးသံ ကြားလျှင် လုပ်ဆောင်ရမည့် အစီအစဉ်များနှင့် နမူနာလုပ်ငန်းများ အစရှိသည်တို့ကို မဖြစ်မနေ လေ့ကျင့်ရလေ့ရှိပါသည်။ ။

ဤသို့ဖြင့် တကယ့်ဘေးအန္တရာယ်ကျရောက်သည့်အခါ မည်သို့သော အစီအစဉ်များဖြင့် လွတ်မြောက်ရေး လုပ်ဆောင်ရမည်ကို အမှား အယွင်းနည်းပါးစွာ ပြုမူနိုင်မည် ဖြစ်ပါသည်။

ထိုသို့သော အရေးပေါ်လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများကို စီမံ ပေးရန် လိုအပ်သကဲ့သို့ အခြားသော ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ၊ ဝန်းကျင်အဆောက်အအုံများကိုလည်း ပြင်ဆင် ပေးထားရမည် ဖြစ်ပါသည်။ ။

မုန်တိုင်းဒဏ်မှ ပုန်းခိုရန်၊ ရေကြီးရေလျှံလျှင် ခိုကိုးနိုင်ရန် စသည့် လုံခြုံခိုင်ခံ့ပြီး လူအများခိုလှုံနိုင်မည့် အဆောက် အအုံများ တည်ဆောက်ပေးထားခြင်း၊ ခိုလှုံစဉ်ကာလ လိုအပ်မည့် ရေနှင့် အခြေခံ စားနပ် ရိက္ခာ အချို့ကို စီစဉ်ပေးထားခြင်း စသည်တို့ဖြစ်ပါသည်။

လမ်းများပေါ်တွင် မတော်တဆမှုများဖြစ်လျှင် ထိခိုက်မှုနည်းပါးစေ မည့် အကာအရံအတားအဆီးများ ပြင်ဆင် ပေးခြင်း၊ အရေးပေါ်ဖြစ် လာခဲ့လျှင် ဆက်သွယ်နိုင်မည့် ဆက်သွယ်ရေးကိရိယာများကို စီမံပေး ထားခြင်း၊ ရဲနှင့် ကယ်ဆယ်ရေး အကူအညီများ အဆင်သင့် ဖြစ်နေစေ ခြင်း အစရှိသည်တို့ကိုလည်းကောင်း၊ အဆောက်အအုံများတွင် မီးခိုးငွေ့ သတိပေးကိရိယာများ၊ အပူမြင့်လာလျှင် အလိုအလျောက် ပွင့်လာမည့် ရေဖျန်းကိရိယာများ၊ အရေးပေါ်ထွက်ပေါက်နှင့် လှေကားများ၊ အပေါ်

အောက် မီးကူးနိုင်သည့် နေရာများတွင် မီးတားအကာအရံများ အလို အလျောက် တားဆီးပေးစေခြင်း အစရှိသည့် ကာကွယ်မှုများကိုလည်း ကောင်း စသည်တို့ စီမံပေးထားခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုနှုန်းကို များစွာ လျော့ပါးစေမည် ဖြစ်ပါသည်။

ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့နေသည့်အခြေအနေမျိုးတွင် ပြည်သူ အများစု ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်မည့် နည်းလမ်းများကို လူထုအကြား ပညာပေး သိမြင်စေခြင်းဖြင့် အသက်ဘေးထိခိုက် ဆိုးရွားလာနိုင်မှုများကို များစွာ ကာကွယ်နိုင်ကြမည် ဖြစ်ပါသည်။

ရောဂါဖြစ်ပွားသူများ ရုတ်တရက်တစ်ပြိုင်နက် တွေ့ရှိလာနိုင်ပြီး ပြည်သူများကြား ကူးစက်ပြန့်ပွားနိုင်သည့် အတွက် လူစုလူဝေး များပြား ရာနှင့် ပွဲလမ်းသဘင်ရှိရာတို့ကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊ လက်ကို မှန်မှန် ဆေးကြောကြရန်၊ ခန္ဓာကိုယ်ချင်းထိတွေ့ ဆက်ဆံမှုကို အတတ်နိုင်ဆုံးသတိထားကြရန်၊ ချောင်းဆိုး နှာချေပြု လျှင် လက်ကိုင် ပဝါ၊ စက္ကူစ တို့ဖြင့် အကာအကွယ်ယူကြရန်၊ ပြင်ပလူစုလူဝေးသို့ သွားရန် အကြောင်းရှိပါက နှာခေါင်းစည်း၊ မျက်နှာဖုံးကာတို့ကိုသုံးရန်၊ မိမိတွင် ရောဂါဖြစ်ပွားနိုင်သည်ဟု ယူဆလျှင် ချက်ချင်း ဆိုသလို ဆေးရုံများသို့ ဆက်သွယ်သွားရောက်ကာ အခြားသူများကို မကူးစက် အောင် သတိထား သည့် ဆင်ခြင်တုံတရားရှိခြင်း အစရှိသည့် ကြိုတင် ကာကွယ်မှုအစီအမံတို့အားဖြင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် လျော့ပါး အောင် ဆောင်ရွက်နိုင်ပါမည်။ ။

ထို့အတူ ရောဂါကူးစက်မှုအခြေအနေ၊ ပြန့်ပွားမှုနှုန်းထား စသည် တို့ကိုလည်း လူထုသိရှိနေအောင် ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးခြင်း၊ ကာကွယ်ရေးနည်းလမ်းတို့ကို လူထုကြား အသိပညာပေးမှုကျယ်ပြန့် ခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အသိ၊ ပညာနှင့် အမြော်အမြင်ဉာဏ်ကြီးမှု တို့ကို ရရှိနိုင်ပြီး အခြေအနေကို ပိုမို ထိန်းသိမ်း နိုင်ကာ လူအများအပြား ထိခိုက်ဆုံးရှုံးခြင်းကို ကာကွယ်ဟန့်တားနိုင်လိမ့်မည် ဖြစ်ပါကြောင်း။