ရန်ကုန် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင် စီတို့ ပူးပေါင်းပြီး မတ်လ (၄) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ တက္ကသိုလ်များလှိုင်နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တွင် ပြုလုပ်သည့် ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် စပ်လျဉ်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲက သိရသည်။
သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဦးချာလီသန်းက ကမ္ဘာ့အင်ဂျင်နီယာနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဦးချာလီသန်းက “အခုလာမယ့် မတ်လ ၄ ရက်နေ့မှာ ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ၊ အမျိုးသမီးငယ်တွေ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ရွေးချယ်တဲ့နေရာမှာ အင်ဂျင်နီယာလုပ်ငန်းနဲ့ ရွေးချယ်နိုင်ဖို့ အားပေးအားမြောက် ပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အသင်းချုပ်ကြီးက ဦးဆောင်ပြီးတော့ အခမ်းအနားကို ဆောင်ရွက်တာဖြစ်ပါတယ်။ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အင်ဂျင်နီယာများ၊ အင်ဂျင်နီယာပညာရပ် အားပေးအားမြောက်ပြုသူများ၊ အင်ဂျင်နီယာပညာရပ်နဲ့ အသက်မွေးသူများ၊ အင်ဂျင်နီယာပညာရပ်နဲ့ ဆက်စပ်သော စက်မှုလက်မှုလုပ်ငန်းများမှ ပုဂ္ဂိုလ်များအားလုံး ပါဝင်ဆောင်ရွက်ပေးကြပါလို့ ပြောလိုပါတယ်”ဟု ပြောသည်။
ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က Engineering Education for Sustainable Development ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က Central Backbone of Transport Economic Corridor of Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသွားမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၌ ပြခန်းများဖွင့်ပွဲအခမ်းအနားနှင့် World Engineering day for Sustainable Development စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မတ် ၇ ရက်တွင် ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် Best Engineering Achievement for Sustainable Development Award, Young Engineer of the Year 2020 Award နှင့်Best Achievements of Young Engineers Award ဆုများ ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်အား ၁၉၆၈ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရုံးချုပ်မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တည်ရှိကြောင်း၊ ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့ချုပ်ကို နိုင်ငံပေါင် ၁၁၀ ခန့်မှ အင်ဂျင်နီယာအသင်းအဖွဲ့များမှ အဖွဲ့ဝင်၊ တွဲဖက်အဖွဲ့ဝင်များ ပါဝင်ပြီး၊ ကမ္ဘာပေါ်ရှိ အခြားအထိမ်းအမှတ် နေ့များနည်းတူ အင်ဂျင်နီယာများအတွက် နေ့ရက်တစ်ခု သတ်မှတ်ပြဋ္ဌာန်းပေးရန် UNESCO အဆိုပြုတင်ပြခဲ့ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် ယူနက်စကို၏ အကြိမ် (၄၀)မြောက် အစည်းအဝေးတွင် မတ်လ ၄ ရက်နေ့အား ကမ္ဘာ့အင်ဂျင်နီယာနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
(သတင်း-မင်းသစ် (MNA)/ ဓာတ်ပုံ-ရဲထွဋ်)