Skip to main content

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းသတင်းရယူ

မောင်တော  ဖေဖော်ဝါရီ  ၂၇

ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက် ရှိကြပြီး အငူမော်မှတစ်ဆင့် မော်တော် ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။

ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့သည် မောင်တောမြို့ရှိ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် မြို့နယ်တာဝန် ရှိသူများနှင့်တွေ့ဆုံပြီး သိရှိလိုသည် များကို မေးမြန်းကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့ သည် ပဒင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွား ရောက်၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။

ယင်းနောက် ညောင်ချောင်းကျေးရွာ သို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်း သတင်းရယူကြပြီး ကျေးရွာအတွင်း လှည့်လည်သတင်းရယူကြသည်။

ထို့နောက် ရွှေဇားကျေးရွာ မူလတန်း လွန်ကျောင်းသို့ရောက်ရှိကာ ကျေးရွာ နေ ပြည်သူများနှင့် တွေ့ဆုံမေးမြန်း သတင်းရယူကြပြီး ယင်းကျေးရွာအနီး အိန္ဒိယနိုင်ငံမှ ဆောက်လုပ်လှူဒါန်း ထားသော နေအိမ်များကို ကြည့်ရှု သတင်းရယူကြသည်။

အဆိုပါ သတင်းမီဒီယာအဖွဲ့တွင် Myanmar Now ၊ Eleven Media Group ၊ VOA ၊ CNA ၊ European Pressphoto Agency(epa)၊ BBC Media Action နှင့် Aljazeera သတင်း ဌာနတို့မှ သတင်းသမားများ ပါရှိပြီး သတင်းမီဒီယာအဖွဲ့များ မောင်တော ဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ သွားရောက်သတင်းရယူမှု အနေဖြင့် ၃၆ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း-မြင့်မောင်၊ ဂျေတီ
ဓာတ်ပုံ - သက်လွင်စိုး