Skip to main content

ဒီမိုကရေစီနှင့် လူထုအခြေပြုဗဟိုဌာနများ

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမပေါ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်သည့် သတင်းကို တွေ့သိရပါသည်။ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည် ဟုလည်း သိရ၏။

ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် မြန်မာနိုင်ငံရှိ မြို့နယ်အတော်များများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများ ရှိနေပါသည်။ ထိုဦးစီးဌာနနေရာ များတွင် ပြည်သူ့စာကြည့်တိုက်များအဖြစ် ရည်ရွယ်ဖွင့်လှစ် ထားသည်ကိုလည်း တွေ့ရ၏။ သို့သော်လည်း အများစုမှာ ပြည်သူလူထုအသုံးပြုသည့်အနေဖြင့်ထက် လူအဝင်အထွက် များစွာမရှိသော အစိုးရရုံးခန်းတစ်ခု ဖွင့်လှစ်ထားသည်ဟုသာ ဟိုယခင်က မြင်တွေ့ခဲ့ရပါသည်။ အများပြည်သူအသုံးပြုရန် ရည်ရွယ်ပြင်ဆင် ဖွဲ့စည်းတည်ဆောက်ထား သော်လည်း အမှန်တကယ်အသုံးပြုမှုမရှိသည်မှာ တိုင်းပြည်အတွက် လွန်စွာ နစ်နာသည်ဟုလည်း မြင်ပါသည်။

ကျပ်တည်းလာသည့် မြို့ပြနေရာများတွင် ထိုသို့သော အသုံးချရန် နေရာ၊ အဆောက်အအုံနှင့် ပစ္စည်းပစ္စယတို့ အချည်းနှီးဖြစ်ရ သည်ကို အလေးအနက်ထားသင့်ပါသည်။ ငွေကြေးတန်ဖိုးအရ သာမကပါ။ လူထုစုဝေးအသုံးချရာနေရာ တို့ ရှားပါးပျောက်ကွယ် နေချိန်တွင် ထိုနေရာများကို အများ ပြည်သူအမှန်တကယ် အသုံးချနိုင်အောင်၊ အသုံးချဖြစ်အောင် စီမံဆောင်ရွက်သင့်ကြပါသည်။

အထူးသဖြင့် မြို့ပြဒေသများတွင် နေရာအကျပ်အတည်း နှင့် လူနေထူထပ်သိပ်သည်းမှု ပြဿနာကြောင့် မြို့နေလူထု အတွက် သာရေးနာရေး စုစည်းတွေ့ဆုံရာ နေရာဟူ၍ပင် မရှိသလောက် ဖြစ်လာနေသည်။ မိမိတို့ မြို့နယ် ရပ်ကွက် အရေးအရာကိစ္စမျိုးစုံ အတွက် စုဝေးဆွေးနွေးရန် နေရာ၊ ယခင့်ယခင် အစဉ်အဆက်ရှိခဲ့သည့် ဓမ္မာရုံ၊ ခြင်းလုံးကစားရာ မြေကွက်လပ်၊ ကြက်တောင် ကစားကွင်း၊ အလေးမရုံ အစရှိသည့် ရပ်ကွက်တွင်းက လူထုအသုံးပြုရာ မြေနေရာများ ပျောက်ဆုံး လာသည်တို့အတွက် ယခု Community Centre ခေါ်သည့် လူထုအခြေပြုဗဟိုဌာနတို့က အစားထိုးလာနိုင်မည်ဟု မျှော်လင့်မိ၏။

ယနေ့ ဒီမိုကရေစီရင့်ကျက်ခိုင်မာရေး ကြိုးပမ်းနေချိန်တွင် ထိုသို့သော လူထုစုဝေးဆွေးနွေးနိုင်ရန် နေရာဌာနများ ပိုမို လိုအပ်သည် ဟုလည်း ယူဆပါသည်။ ရပ်ကွက် မြို့နယ်ရေးရာများ တိုင်ပင်နှီးနှောကြရာအဖြစ်သာမက အခြားသော လူမှု ရေးရာကိစ္စများ အတွက် အသုံးပြုရာ ခန်းမငယ်ကဲ့သို့ဖြစ်စေ၊ လူငယ်များ ကလေးသူငယ်များ အားကစားလေ့ကျင့်ရာ၊ဆော့ကစားရာ ကွက်လပ် မြေခင်းကဲ့သို့ဖြစ်စေ၊ တိုင်းပြည်နှင့် ပတ်သက် နှီးနွှယ်ရာတို့ကို ဆွေးနွေးကြကာ ပြည်သူ့ကိုယ်စား လှယ်များ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကို ပြည်သူ့အသံ သတင်းစကားပေးရန် တိုင်ပင်ကြရာ စည်းဝေးခန်းအဖြစ် ဖြစ်စေစသည်ဖြင့် အသုံးချနိုင်မည့် နေရာအဖြစ် ယခုကဲ့သို့ ပြင်ဆင်ပေး ခြင်းဖြင့် တန်ဖိုးရှိလာမည်ဟု ယူဆပါသည်။

ယခုကဲ့သို့သော နေရာဌာနများမှာ ဆွေးနွေးနှီးနှောကြသော ပြည်သူ့ရင်းမြစ်တို့၏ စကားဝိုင်းများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးအတွက် တွန်းအားများဖြစ်လာ မည်ဟုလည်း ယုံကြည်ပါသည်။ ဒီမိုကရေစီခေတ်ဟူသည်ပြည်သူ တို့ကိုယ်တိုင် ပါဝင်ပတ်သက်ကာ လေ့ကျင့်မွေးမြူခြင်းဖြင့်သာ တိုးတက်မြင့်မားလာပေမည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးတို့၌ လူထုအမှန်တကယ် အသုံးပြုသည့် လူထုအခြေပြုဗဟိုဌာနများ ပေါ်ပေါက်ပါ စေကြောင်း။