Skip to main content

လွိုင်ကော်မြို့၌ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုသင်တန်း ဖွင့်ပွဲပြုလုပ်

လွိုင်ကော်  ဖေဖော်ဝါရီ   ၂၉

ကယားပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကယားလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ကယားပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာရေး၊ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် အခြားဒေသမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရေး၊ ကယားပြည်နယ်အတွင်း လူငယ်များပါဝင်မှု အခန်းကဏ္ဍမြင့်မားလာရေး စသည့် ရည်ရွယ်ချက်များဖြင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် တိုးတက်မှုအရွေ့ကို သွားရာတွင်လူငယ်များ၏ အခန်းကဏ္ဍသည် များစွာလိုအပ်ပြီး ၎င်းတို့၏ ကြိုးပမ်းအားစိုက်မှု နည်းပညာ၊ သက်မွေးပညာများအပေါ် မူတည်၍နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ကိုင်လိုစိတ်ရှိသည့် လူငယ်များကို အားပေးရမည်ဖြစ်ပါကြောင်း၊ ကယား လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းပီပြင်စွာ ဖြစ်ပေါ်လာရေး ကြိုးပမ်းနေပြီး မြို့နယ်များအားလုံး ပါဝင်သည့် အသင်းတစ်ခုဖြစ်အောင် ဆောင်ရွက်ရန်နှင့် မြို့နယ် (၇) မြို့နယ်မှ လူငယ်များပါဝင်ရေး ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊ ဒေသ ထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ကယားလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းအနေနှင့် တိုးတက်မှုအရွေ့ကိုသွားရာတွင် အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်ရန်လိုပြီး သက်ဆိုင်ရာဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိတွေ့၍ ချိတ်ဆက် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ပူးပေါင်းချိတ်ဆက်မှုများ အားကောင်းအောင် ဆောင်ရွက်ရန်လိုပြီး ယခင်က အားနည်းခဲ့မှုများ ရှိခဲ့သော်လည်း မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်အားစိုက် ကြိုးပမ်းနေချိန်၌ လူငယ်များအားလုံး ပူးပေါင်းပါဝင်လာရန် လိုအပ်ပါကြောင်း၊ ပြည်သူများ မသိနားမလည်သည့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို သိမြင်လာအောင်ကြိုးပမ်းပေးရမည်ဖြစ်ပြီး စေတနာမေတ္တာများဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်နယ်၏ လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာရေးအတွက် နည်းပညာနှင့် သက်မွေးပညာရပ်များကို ပိုမိုတိုးတက် ကောင်းမွန်လာအောင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် ဦးနှောက်တစ်ခုတည်းနှင့်သာ ဆောင်ရွက်၍မရဘဲ နောင်အနာဂတ် မျိုးဆက်များအတွက် စိတ်စေတနာ နှလုံးသားနှင့်တွဲဖက် လုပ်ဆောင်တတ်ရန် လိုပါကြောင်း၊ ပြည်နယ်၏အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ် မျိုးဆက်များအတွက် အမွေကောင်းများပေးနိုင်ရေး အလေးထား ကြိုးပမ်း ပေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကားတွင် ပြောကြားသည်။

ဆက်လက်၍ ကယားလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုသင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၂၅) သိန်းကို ပေးအပ်ခဲ့ရာ ကယားလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ လူငယ်မောင်မယ်များနှင့် ဖိတ်ကြားထားသည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်လေး