Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပျဉ်းမနားမြို့နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးမှု ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင် (၂)ရပ်ကွက်၊ တပေါင်းကွင်း၌ မြေငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ဖွင့်လှစ်ထားရှိသည့် မြို့နယ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အဆိုပါစခန်းအတွင်း၌ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ငလျင်ဒဏ်ကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမြန်ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ကာ စာရင်းပြုစုရယူဆောင်ရွက်ရေးမှာကြားပြီး ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားရယူနိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက် ပေးရေးရှင်းလင်းဆွေးနွေးပြောကြားကာ ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအား လိုအပ်ချက်များမေးမြန်း၍ နှုတ်ဆက်အားပေးစကားပြောကြားသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးတို့သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံနှင့်ရုံးခန်းများ ထိခိုက်ပျက်စီးမှု၊ ရုံးပရိဘောဂနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဦးစီးမှူးရုံး၏ ရုံးခန်းများအခြေအနေနှင့် အဆိုပါရုံးဝင်းအတွင်း ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံး ယာယီရုံးဖွင့်လှစ်ထားရှိမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးနှင့် ဥတ္တရသီရိမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်ဦးစီးမှူးရုံးမြေနေရာ၌ ယာယီရုံးဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူကိုဝန်ဆောင်မှုပေးသည့် ဌာနဖြစ်သည် နှင့်အညီ ယာယီရုံးအမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ ငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြန်လည်စိစစ် ထုတ်ပေးနိုင်ရေးနှင့် e-ID စနစ်အတွက် Unique ID နံပါတ်ထုတ်ပေးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေး၊ ယင်းလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဆက်စပ် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပျက်စီး၊ ပျောက်ဆုံးမှုစာရင်းများ ပြုစုဆောင်ရွက်နိုင်ရေးမှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်