Skip to main content

တာဝန်သိ နိုင်ငံသားအဖြစ် ပူးပေါင်းပါဝင်

လူ့ဘောင်လောကသည် ပြဿနာမျိုးစုံ ရောပြွမ်းနေသော လောကကြီးဖြစ်သည်။ လူသားမှန်လျှင် ပြဿနာတို့ကို မှန်မှန်ကန်ကန် ဖြေရှင်းတတ်ရမည်ဖြစ်သည်။ ပြဿနာကိုဖြေရှင်းရာ၌ ပြဿနာ ဇာစ်မြစ်၊ ပြဿနာ အရင်းခံကိုသိမှသာ ဖြေရှင်း၍ရနိုင်မည်ဖြစ်သည်။ ပြဿနာကို သိသည်ဆိုရာ၌ ကိုယ်တိုင် စူးစမ်းလေ့လာရှာဖွေခြင်းနှင့် တစ်စုံတစ်ဦးက အသိပေးခြင်း၊ သတင်းပေးခြင်း၊ တိုင်ကြား ခြင်းဖြင့် ပြဿနာအကြောင်းရင်းကို သိနိုင်ပေသည်။ ထိုသို့သိမှသာ ပြဿနာပြေလည်ရေး၊ ပပျောက်ရေး၊ ပြီးဆုံးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လူမှုဘဝနယ်ပယ်၊ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှုနယ်ပယ်၌ ပြည်သူပြည်သား အားလုံးတို့သည် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု တို့ကို မိမိတို့ ဆင်ခြင်တုံအသိတရားဖြင့် ကိုယ်စီကိုယ်စီ ပြုလုပ် တတ်ဖို့ လိုပေသည်။ ထိုသို့သော တာဝန်များကိုသိမှသာ ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်ထွန်းကား ခိုင်မာအားကောင်းပြီး ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီထွန်းကားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။ တာဝန်သိသဖြင့် အသိပေးခြင်း၊ သတင်းပေးခြင်း၊ တိုင်ကြားခြင်းကို ချောက်ချခြင်းဟု မခံယူဘဲ၊ အများပြည်သူ အကျိုးစီးပွားအတွက် တာဝန်သိစွာဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။

တာဝန်ဟူသည်ကား လူတိုင်းလူတိုင်း အသိတရားဖြင့်ပြုလုပ်ရမည့် အများပြည်သူအကျိုးစီးပွား ဖြစ်သည်။ တစ်ဦးတစ်ယောက်၏ တာဝန်မဲ့မှု၊ တာဝန်မသိမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု၊ အများပြည်သူ အကျိုးစီးပွား ပျက်စီးမှုဖြစ်နိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ တာဝန်မသိလျှင်၊ တာဝန်မဲ့လျှင်၊ တာဝန်မကျေပွန်လျှင် နိုင်ငံကြီးသား၊ နိုင်ငံသားကောင်း ဖြစ်လိမ့်မည်မဟုတ်ပေ။

တာဝန်ဆိုသည်မှာ ဆောင်ရွက်ရန် အမှုကိစ္စ၊ ဆောင်ရွက်ရမည့် ဝတ္တရားဖြစ်သည်။ လူ့ဘောင်လောက ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေး၊ တည်ထွန်းပြန့်ပွားစေရေးအတွက် လူတိုင်းကိုယ်စီတာဝန်ရှိပေသည်။ တာဝန်ဟူသည်မှာ အခကြေးငွေရယူထားသော မိမိ၏အလုပ်အတွက် တာဝန်ကျေပွန်ရေးသာမက မိမိပတ်ဝန်းကျင်တွင် မြင်တွေ့၊ ကြားသိ ကြုံကြိုက်ရသော အများပြည်သူအကျိုး ထိခိုက်စေမည့် ကိစ္စများတွင်လည်း တာဝန်ကျေဖို့လိုမည်ဖြစ်သည်။ ယင်းတာဝန်ကို လူတိုင်းလူတိုင်း ပါဝင် ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ဤလောကတွင် မိမိနှင့်မဆိုင်ဟုဆိုကာ ရှောင်တိမ်း၊ ဖယ်ခွာ၊ လွတ်ကင်းအောင်နေကြသူများရှိသည်။ မိမိကောင်းလျှင်ပြီးရော အခြားသူများမကောင်းလျှင် သူ့အကြောင်းနှင့်သူဟုဆိုကာ ဖယ်ခွာသွား တတ်သူများလည်းရှိသည်။ ယင်းသည်တာဝန်မဲ့ခြင်း၊ တာဝန်မသိခြင်းသာဖြစ်သည်။ တာဝန်မသိသဖြင့်၊ တာဝန်မဲ့သဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ အများပြည်သူ နစ်နာမှု၊ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်မှုတို့ကို သတိမူရမည်ဖြစ်သည်။

လောကတွင် အများပြည်သူနှင့် ပတ်သက်၍ တာဝန်သိစရာအကြောင်း ကိစ္စများစွာရှိသည်။ ယင်းနှင့် စပ်လျဉ်း၍ ကူးစက်မြန်ရောဂါဖြစ်မှု၊ လူ့အခွင့်အရေးများ ဖောက်ဖျက်မှုတို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခြင်း၊ တိုင်ကြားနိုင်ခြင်း တို့အား အသိပေးထုတ်ပြန်ထားသည်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က သိရှိရပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် coVID-19 ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ရာ ပြည်သူအားလုံးတို့အနေဖြင့် မိမိပတ်ဝန်းကျင် ကိုလေ့လာပြီး မှန်ကန်သောအချက်အလက်များဖြင့် ပူးပေါင်းပါဝင်အသိပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်အကျိုးစီးပွား၊ အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ လူတိုင်းလူတိုင်း တာဝန် သိစွာဖြင့် ပူးပေါင်းပါဝင်အသိပေးကြမှသာ သက်ဆိုင်ရာတို့ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။