Skip to main content

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံ စကားဝိုင်း ကျင်းပ

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံ စကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီးကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။

အစီအစဉ်မှူး။ ။ ဒီနေ့ စကားဝိုင်းရဲ့ အမည်ကို “တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက် အမျိုးသမီးထု” ဆိုပြီး ပေးထားပါတယ်။ ဒီအမည်လေးနဲ့ ဆွေးနွေးရတဲ့အကြောင်းကို အရင်ဆုံး ပြောပြပေးပါရှင့်။

ဒေါက်တာဒေါ်တင်လှကြည်။ ။ မြန်မာနိုင်ငံ က ပြည်သူအများစုက ကင်းထောက်ဆိုတာဘာလဲ၊ ကင်းထောက်တွေက ဘာလုပ်နေတာလဲ ဆိုတာကိုလည်း မေးကြပါတယ်။ ပြီးတော့ တိုင်းပြည်ကို ဘယ်လိုအကျိုးပြုနေကြသလဲ ဆိုတာကို မေးကြတဲ့အတွက် ကျွန်မတို့ ဒီနေ့ဒီခေါင်းစဉ်နဲ့ ဆွေးနွေးခြင်း ဖြစ်ပါတယ်။

ကင်းထောက်ဆိုတာ ဘာလဲဆိုတာကို တစ်ခွန်းတည်းနဲ့ ဖြေလို့မရပါဘူး။ ကင်းထောက်ဆိုတာ သူတစ်ပါးကို ကူညီတတ်တဲ့သူဖြစ်ရမယ်။ သူတစ်ပါးကို ကူညီဖို့အတွက် အမြဲအဆင်သင့် ရှိနေရမယ်။ တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုတဲ့သူ ဖြစ်ရမယ်။ စိတ်ချယုံကြည်ရတဲ့သူ၊ သစ္စာရှိတဲ့သူ ဖြစ်ရမယ်။ လူမျိုးအယူဝါဒ အဆင့်အတန်း မရွေးဘဲ လူသားအချင်းချင်း ချစ်ခင်တတ်သူ ဖြစ်ရမယ်။ ယဉ်ကျေး သိမ်မွေ့သနားကြင်နာ တတ်တဲ့သူ၊ အမိန့်နာခံတတ်သူ ဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းပြီး မျိုးချစ် စိတ်ဓာတ် စွမ်းရည်သတ္တိရှိတဲ့သူဖြစ်ရမယ်။ လူကြီး သူမကို ရိုသေကိုင်းရှိုင်းတဲ့ အလေ့အထရှိတဲ့သူ ဖြစ်ရပါမယ်။ အဓိကအားဖြင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး သန့်စင်တဲ့သူဖြစ်ရပါမယ်။ ဒါတွေက ကင်းထောက်တွေပါလို့ ပြောချင်ပါတယ်။

အစီအစဉ်မှူး။ ။ ဒီအချက်တွေက ကျွန်မတို့ရဲ့ ၃၈ ဖြာမင်္ဂလာ တရားတော်နဲ့လည်းညီတယ်။ ဘာသာ မရွေး၊ လူမျိုးမရွေး ခွဲခြားဆက်ဆံမှု ကင်းရမယ်ဆိုတာလည်း ပါပါတယ်။ ဒါတွေက မှတ်သား ရပါတယ်။ နောက်ထပ် ထပ်ပြီးတော့ ဆရာမ အနေနဲ့ ဘယ်သူတွေက ကင်းထောက်ဖြစ် ခွင့်ရှိသလဲဆိုတာကို ဆွေးနွေးပေးစေလို ပါတယ်။

ဒေါ်ခင်စောဥမ္မာ။ ။ မည်သူမဆို ကင်းထောက်ဖြစ်နိုင်ပါတယ်။ လူမျိုးမရွေး ဘာသာမရွေး၊ အဆင့်အတန်း မရွေး၊ ဆင်းရဲချမ်းသာမရွေး မိမိစိတ်ဆန္ဒရှိ တယ်ဆိုရင် လူတန်းစားမရွေး ကင်းထောက် ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ အမျိုးသမီး ကင်းထောက်အနေနဲ့ ပြောမယ်ဆိုရင် စဖွဲ့တဲ့ အချိန်မှာအမ ဒေါ်တင်လှကြည်နဲ့ ကျွန်မပူးပေါင်းပြီး ကလေးတွေကို အခြေခံ ကျောင်းတွေကနေစပြီး ကင်းထောက်အဖွဲ့ ဖွဲ့ပေးခဲ့ပါတယ်။ အဲဒီကနေ တက္ကသိုလ်မှာ ဖွဲ့ပေးပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် လူထုထဲမှာ၊ ဆရာဝန်ပါပါတယ်၊ ရှေ့နေပါ ပါ တယ်၊ ကုန်သည်ပါပါတယ်၊ ကျောင်းဆရာ ဆရာမကြီးတွေ၊ ပင်စင်စားတွေ၊ အိမ်ရှင်မ တွေ၊ မိခင်တွေ ပါပါတယ်။ အားလုံးပါပါတယ်။ ကျွန်မတို့ ကင်းထောက်အဖွဲ့ကို အားလုံးဝင်လို့ ရပါတယ်။ စိတ်ဆန္ဒရှိပြီး ဝင်လာတဲ့ အတွက် ကျွန်မတို့ နိုင်ငံအတွက် အားတစ်ခု ပါပဲ။

အစီအစဉ်မှူး။ ။ အမျိုးသမီးကင်းထောက် အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင်ဖို့လိုပါသလား။ ဘယ်လို အဖွဲ့ဝင်အဖြစ် ဝင်ရတယ်ဆိုတာ ပြောပြပေးပါ။

ဒေါ်ခင်စောဥမ္မာ။ ။ လျှောက်လွှာ တင်စရာ မလိုပါဘူး။ ကျွန်မတို့ အခြေခံသင်တန်းကို အောင်မြင် ပြီးရင် ကင်းထောက်ဖြစ်နိုင်ပါတယ်။ အခြေခံ သင်တန်းဆိုတာတက်ပြီး သင်တန်းဆင်းတဲ့ နေ့မှာ ကတိသုံးပါး ကို ရွတ်ဆိုရပါတယ်။ အဲဒီကတိသုံးပါးကို ရွတ်ဆိုပြီးတဲ့အခါ အမျိုးသမီးကင်းထောက် Badge လေးတွေ ကို တပ်ဆင်ခွင့်ရသွားပါပြီ။ ဒီ Badge လေးဟာ အင်မတန်မှ ထူးခြားပါတယ်။ ဒီ Badge မှာ ပါဝင်တဲ့ ပွင့်ဖတ်သုံးခုဟာ ကတိသုံးပါးကို ဖော်ညွှန်းပါတယ်။ သူ့အပေါ်မှာ ရှိတဲ့ အစက် ၁၀ စက်က ကျင့်ဝတ် ၁၀ ပါးကို ဖော်ညွှန်းပါတယ်။ အရုပ်လေးက ကဒေါင်းလေးပါ။ ကဒေါင်းလေးက ကျွန်မတို့ မြန်မာ အမျိုးသမီး တွေကလှပတယ်၊ ပျော်ရွှင်တတ်ပြီး ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာကို ပြောချင်တာပါ။ အစိမ်းရောင်က တိုးတက်မှုကို ပြပါတယ်။ အပြာရောင်က ငြိမ်းချမ်းမှုကို ဖော်ပြပါတယ်။ ဒါကြောင့် ကျွန်မတို့ ယူနီဖောင်း က အင်္ကျီအဖြူ၊ လုံချည်အပြာနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အမျိုးသမီးထု ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဆရာမရဲ့ ပြောပြချက်အရ ကင်းထောက် အမျိုးသမီး အဖွဲ့ဝင်ဖြစ်ဖို့အတွက် အခြေခံ သင်တန်း သင်ကြားရတယ်လို့ သိရပါတယ်။ ဒီအခြေခံ သင်တန်းမှာ ဘာတွေသင်ကြားရတယ် ဆိုတာ သိပါရစေ။

ဒေါက်တာဒေါ်တင်လှကြည်။ ။ ကင်းထောက် အဖွဲ့ဝင်ဖြစ်ဖို့ အခြေခံသင်တန်းတက်ရပါတယ်။ သင်တန်းမှာ အခြေခံအားဖြင့် ဘာတွေသင်ရသလဲဆိုတော့ ကင်းထောက်သမိုင်းကြောင်း၊ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး သမိုင်းကြောင်း၊ ကတိသစ္စာ သုံးချက်၊ ကျင့်ဝတ် ၁၀ ချက် ဒါကတော့ သိကို သိရအောင် သင်ရပါတယ်။ ပြီးတော့ ကင်းထောက် အစဉ်အသင့်ဆိုတဲ့ ဆောင်ပုဒ်အကြောင်း သိရပါ တယ်။ ကင်းထောက်ရဲ့ ကြွေးကြော်သံလည်း ရှိပါတယ်။ ကင်းထောက်ရဲ့ ကြွေးကြော်သံက ကောင်းမှု တစ်ခု နေ့စဉ်ပြု။ နေ့တိုင်းကောင်းမှု တစ်ခုပြုလုပ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ တံဆိပ်ညွှန်းချက် ကလေးတွေကိုလည်း သိရပါတယ်။ အလေးပြုနည်းလည်း သိရပါတယ်။ ကျွန်မတို့ အလေးပြုတာ သူများတွေနဲ့ မတူပါဘူး။ ကင်းထောက် အမျိုးသမီးတွေက ဘယ်လိုအလေးပြုတယ် ဆိုတာလည်း သိရပါတယ်။ ကင်းထောက် နှုတ်ဆက်တာလည်း ရှိပါတယ်၊ ကင်းထောက် နှုတ်ဆက်တာက ဘယ်လက်နဲ့ နှုတ်ဆက်ပါတယ်။ ကင်းထောက် အမျိုးသမီးအလံ အကြောင်း သိရပါတယ်။ ကြိုးချည်နည်း အကြောင်း သိရပါတယ်။ ကင်းထောက်မှာ sign တွေ၊ signal တွေရှိပါတယ်။ ကင်းထောက်တွေက အများအားဖြင့် ကျန်းမာ ဖို့၊ စည်းလုံးညီညွတ်ဖို့၊ အကျင့်စာရိတ္တ ကောင်းဖို့ ကစားနည်းမျိုးစုံသင်ရပါတယ်။ ကစားနည်းတွေကလည်း လူတွေကို ပြုပြင်ပေးပါတယ်။ နောက်ပြီးတော့ သီချင်းတွေပါ။ ကင်းထောက် သီချင်းတွေ ဆိုရပါတယ်။ တဲထိုးနည်း၊ မီးပုံပွဲ ဒါတွေ လည်း တစ်ခါတလေ Camp သွားတဲ့အခါ သင်ရပါတယ်။ စခန်းချ လေ့လာတဲ့နည်းလို့ ခေါ်ပါတယ်။ အားလုံး ဒါတွေတတ်မှသာ သင်တန်းဆင်းရင် Promise Badge ရင်ထိုး လေးကို အပ်နှံပြီးတော့ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။ ဒါတွေ အားလုံး လုပ်မှ ကင်းထောက်အမျိုးသမီး ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ ကင်းထောက် အမျိုးသမီးဆိုတာ ဘယ်အချိန်ကစပြီး ရှိခဲ့တာလဲဆိုတာ ဆက်ပြီး ပြောပြပေးပါဦး။

ဒေါက်တာဒေါ်ဝင်းကြည်။ ။ အမျိုးသမီးကင်းထောက်တွေ လှုပ်ရှားမှုဟာ တကယ့်တကယ်တော့ စစ်မဖြစ်ခင် ၁၉၁၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီတော့ ခုချိန်မှာဆိုရင် ၁၀၄ နှစ်လောက် ရှိခဲ့ပါပြီ။ ကာလကို သုံးခုခွဲလို့ရပါတယ်။ ပထမဆုံး ၁၉၁၆ ခုနှစ်ကနေပြီးတော့ ၁၉၆၄ ခုနှစ်၊ ၁၉၆၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်၊ ၂၀၁၂ ခုနှစ်ကနေ အခု ၂၀၂၀ အထိရှိနေပါပြီ။ အခု ဒီမှာရှိနေတဲ့ အမျိုးသမီး ငါးဦးလုံး ကတော့ ကင်းထောက် အမျိုးသမီးကြီးများပေါ့။ ကျွန်မ တို့ ၁၉၅၀ ပြည့်နှစ်၊ ၁၉၆၀ ပြည့်နှစ်လောက် က စပြီး ကင်းထောက်ဖြစ်ကြတဲ့သူတွေပါ။

အစီအစဉ်မှူး။ ။ ဆရာမတို့က ကင်းထောက် အမျိုးသမီးကြီးတွေ ဖြစ်တဲ့အတွက် တစ်ဦးချင်းစီမှာလည်း ကင်းထောက် လှုပ်ရှားမှုတွေ ရှိနေဦးမှာပါ။ ဒါနဲ့ပတ်သက် ပြီးတော့ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေး ကိုလည်း ဝေမျှပေးပါဦး။

ဒေါက်တာဒေါ်တင်လှကြည်။ ။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အထိ ပထမကာလမှာ ကျွန်မ ကင်းထောက်ဖြစ်ခဲ့တယ်။ ကျွန်မအဲဒီအချိန်က ကျောင်းတက်တာက ဒဂုံ (၁)ပါ။ ဒါပေမယ့် ကင်းထောက် ဖြစ်ခဲ့တာက ဌာနချုပ် ကင်းထောက်အမျိုးသမီးအဖွဲ့မှာ ကင်း ထောက်ဖြစ်ခဲ့တာပါ။ ကျွန်မက အဲဒီမှာ နေကြာပန်းနဲ့ မြတ်လေးပန်းဆိုပြီး ပန်းနာမည်နဲ့ ကင်းစုနှစ်ခုရှိခဲ့ပါတယ်။ ကျွန်မက မြတ်လေးပန်းကင်း စုကပါ။ ကျွန်မတို့ရဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီကတည်းက သူနဲ့ ကျွန်မက သူငယ်ချင်းလည်း ဖြစ်တယ်၊ ကင်းထောက်ညီအစ်မတွေလည်း ဖြစ်ပါတယ်။ သူက အရင်တုန်းကတော့ ကျွန်မတို့ရဲ့ Patrol Leader ခေါ်တာပေါ့။ သူ အိန္ဒိယနိုင်ငံ ထွက်သွားတဲ့အခါ ကျွန်မ ကို သူ့တာဝန် လွှဲခဲ့ပေးပါတယ်။ သူထွက်သွားတဲ့အခါ ကျွန်မက အဲဒီယူနစ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ ပါတယ်။ ကျွန်မတို့က အဲဒီအချိန်တုန်းက စနေနေ့တိုင်း ဆုံကြပါတယ်။ ဆုံတဲ့အခါတိုင်း ကင်းထောက် ပညာအကုန်၊ လက်မှုပညာ သင်ရတယ်။ သီချင်း သင်ရတယ်။ ကစားရတယ်။ ကျွန်မတို့ ဆရာမ ဒေါ်ခင် မူဇင်က တော်တော်ကိုတော်ပါတယ်။ အလွန်ပျော်ခဲ့ရပါတယ်။ အဲဒီ ပျော်ရွှင်မှု လေးဟာ ကျွန်မတို့ ၄၈ နှစ် ကင်းထောက် ပညာ ပျောက်သွားပေမယ့် ၂၀၁၂ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ကင်းထောက်ကို ပြန်ပြီးအသက်သွင်းတဲ့ အခါ ပျော်ခဲ့ပါတယ်။ ဒီလို ကင်းထောက် ပြန်ပေါ်လာတဲ့အတွက် ပျော်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံ ကတော့ အဲဒါပါပဲ။ ပြောစရာ တွေကတော့ အများကြီးရှိပါတယ်။

ဒေါ်ခင်စောဥမ္မာ ။ ။ ကင်းထောက်တစ်ယောက်အနေနဲ့ ကျွန်မ စိန်မေရီ ကျောင်းမှာ Blue Bird ကနေ လုပ်တဲ့အခါ ကျွန်မရဲ့ Captain က တီချယ် ဘာဘရာအို ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က ကျောင်းရဲ့ ကင်းထောက်ဖြစ်တဲ့အတွက် ယူနီဖောင်း အင်္ကျီအဖြူ၊ စကတ်နဲ့ necktie နဲ့ ဝတ်ရပါတယ်။ အပတ်စဉ် ကျောင်းမှာ ဆုံရပါတယ်။ ဆုံတဲ့အခါ ကျောင်းရဲ့ လှုပ်ရှား မှုတွေ၊ကင်းထောက်ရဲ့ လှုပ်ရှားမှုတွေ လုပ်ရ ပါတယ်။ အဲဒီတုန်းကလည်း ကျွန်မတို့ တော်တော်ပျော်ပါတယ်။ ကျွန်မတို့က မိန်းကလေးတွေ ဖြစ်တဲ့ အတွက် ကျောင်းမှာ လှုပ်ရှားမှုပဲရှိခဲ့တယ်။ ဒါပေမယ့် အမှတ်တရ အနေနဲ့ မိသားစုမှာ အစ်ကိုနဲ့ မောင်တွေအကြား နှမအဖြစ်ရှိပြီးတော့ ယောကျ်ားလေးလို ဆော့တာရှိတဲ့အခါ မိဘတွေက စိတ်ပူ ပါတယ်။ ကျွန်မက ကင်းထောက် ထဲမှာပါတဲ့အခါ ယဉ်ကျေးသိမ်မွေ့ရမယ်၊ မိဘစကား နားထောင် ရမယ်၊ မိဘကို ကူညီရမယ် စသဖြင့် အဲဒီလိုဟာတွေနဲ့ မိဘရဲ့ ချီးကျူးမှုကို ခံရပါတယ်။ ဒါလေးတွေ ကလည်း အမှတ်တရပါပဲ။

အစီအစဉ်မှူး။ ။ အခု ဆွေးနွေးတဲ့အထဲမှာ ဆရာမကြီးက အသက်အကြီးဆုံးလို့ သိရပါတယ်။ ဆရာမကြီးရဲ့ အတွေ့အကြုံကိုလည်း မျှဝေပေးပါဦး။

ဒေါက်တာဒေါ်ဝင်းကြည်။ ။ စောစောက ကျွန်မပြောခဲ့ သလို ၁၉၅၃ ခုနှစ်မှာ ကင်းထောက်အမျိုး သမီးဖြစ်ပြီးတော့ တက္ကသိုလ်သက်ကြီး ကင်းထောက်အဖွဲ့ကို စတင်ခဲ့တယ်။ ကျန်တဲ့ အချိန်မှာ ကျွန်မတို့ အထူးသဖြင့် နွေရာသီ တောစခန်းထွက်ဖို့ မထွက်ခင် လည်း ပြင်ဆင်ရတယ်၊ ထွက်နေတဲ့ အချိန်မှာလည်း ကင်းထောက်အမျိုးသမီးငယ်တွေကို ကြည့်ရပါတယ်။ အဲဒီထဲမှာဆိုရင် ဒေါ်တင်လှကြည်၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဒေါ်လှရီရီတို့လည်း ပါပါတယ်။ သူတို့တွေက ကျွန်မရဲ့ ကင်းထောက် အမျိုးသမီး ညီမလေးတွေပါပဲ။

ဒေါက်တာဒေါ်လှရီရီ။ ။ ဒဂုံ (၁)ကျောင်းသူတွေထဲမှာ ခုနကပြောသလို ဒေါ်တင်လှကြည်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ အတန်းသားတွေပါ။ ဒါပေမယ့် ကျွန်မက MEHS Girl Guides ထဲမှာ ပါပါတယ်။ မိန်းကလေး၊ ယောက်ျားကလေးရှိတဲ့အတွက် Girl Guides နဲ့ Boy Scout ရှိပါတယ်။ အဲဒီမှာ Girl Guides Troop နဲ့ Boy Scout Troop ဆိုပြီး ကင်းစိတ်ခေါ်မလားပဲ။ အဲဒီတုန်းက ကျွန်မ အစ်ကိုက Boy Scout Troop leader ၊ အစ်မက Girl Guides Troop leader ပါ။ အဲဒီမှာ Girl Guides Captain က

ဒေါ်ဂျက်စီတင်ဦးလို့ ခေါ်ပါတယ်။ Boy Scout Captain က မင်းကျော်မင်း၊ အင်္ဂလိပ်စာတွေ သင်ပါတယ်။ ကြားဖူးကြမှာပါ။ ဦးမင်းကျော်မင်းက Boy Scout Captain ဖြစ်ပါတယ်။ အဲဒီတော့ Girl Guides နဲ့ Boy Scout တွဲပြီး အလုပ်လုပ်ကြတာရှိပါတယ်။ မြို့ထဲမှာ ကင်းထွက်တာလည်း ရှိပါတယ်၊ Camp Fire လည်း ရှိပါတယ်။

အဲဒီတော့ ကျွန်မတို့က အပတ်စဉ် စနေနေ့ဆိုရင် ပုံမှန်အစည်းအဝေးတွေ တက်ရတယ်။ ဌာနချုပ်နဲ့ လည်း နီးနီးကပ်ကပ် ဆက်သွယ်ရတယ်။ ဌာနချုပ်က ဦးစီးသွားတဲ့ နွေရာသီသင်တန်းတို့၊ သမ္မတ အိမ်တော်တွေ သွားတာမျိုးလည်းရှိတယ်၊ နိုင်ငံခြားက ဧည့်သည်တွေလာရင် ဆုံကြတာလည်း ရှိတယ်၊ အားလုံး ရင်းရင်းနှီးနှီးပါပဲ။ မမဝင်းကြည်ကတော့ ခုနကပြောသလို အစ်မကြီးပေါ့၊ အမြဲတမ်း အုပ်ထိန်းသူအဖြစ် ပါခဲ့ပါတယ်။ တော်တော်လည်း ပျော်ခဲ့ပါတယ်။

ဒေါ်ရီရီတင်။ ။ ကျွန်မကတော့ မြို့မကျောင်းကနေ အမျိုးသမီး ကင်းထောက်အဖွဲ့ဝင်ဖြစ်သွားတယ်။ တခြား အလုပ်တွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ဘာသာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာအေး လိုဏ်ဂူ တည်ဆောက်တဲ့အထဲမှာ ဝန်ကြီးချုပ် ဦးနုကတော်ကလည်း ခေါ်တော့ အမျိုးသမီး ကင်းထောက်အဖွဲ့ဝင်အဖြစ် သွားခဲ့တာရှိပါတယ်။ ခုခေတ်မှ အမှိုက်ကောက်တာမဟုတ်ပါဘူး။ ကျွန်မတို့ ခေတ် ကတည်းက ရွှေတိဂုံဘုရားမှာ ကျောင်းပေါင်းစုံ စုပြီးသန့်ရှင်းရေး လုပ်ကြပါတယ်။ ဟိုခေတ် ကတည်းက အမှိုက်စုပေါင်းရှင်းခဲ့ ကြတာပါ။ အဲဒီလို လုပ်နေတဲ့အချိန်မှာ နိုင်ငံခြားသားတစ်ယောက် ရောက်လာပြီးတော့ လက်ညှိုးလေးထိုးပြီး လူရွေးပါတယ်။ အန်တီလည်း ပါသွားတယ်။ ဘာလုပ်လဲ ဆိုတော့ ကင်းထောက်အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုအတွက်ပါ။ ငါးနိုင်ငံ ကင်းထောက် အမျိုးသမီး လှုပ်ရှားမှုအတွက် ရုပ်ရှင်ရိုက် ပါတယ်၊ ရုပ်ရှင်ရိုက်တဲ့အခါ ရွှေတိဂုံဘုရားမှာ ဆွမ်းကပ်တာ၊ လူမှုဝန် ထမ်းမှာသွားပြီး ကလေးတွေကို ပြုစုစောင့်ရှောက်တာ ဒါတွေလုပ်ရပါတယ်။ ပြီးရင် Voice of America က အန်တီကို အင်တာဗျူးလုပ်ပါတယ်။

နောက်ပြီး အန်တီက အားကစားလုပ်တဲ့အတွက် ကျောင်းကနေ အလံတင်အခမ်း အနားတွေမှာ အလံတင်အဖွဲ့အတွက် ရွေးပေးခဲ့ပါတယ်။ မြို့မကျောင်းရှေ့မှာ ကမ္ဘာ့သစ်ပင် စိုက်ပွဲလုပ်တဲ့အခါ သစ်ပင်ပါဝင်စိုက်ပျိုး ပါတယ်၊ ဒီလို သစ်ပင်စိုက်တဲ့ပုံကို ဓာတ်ပုံ ရိုက်ပြီး ပြက္ခဒိန်ထုတ်ပါတယ်။

အစီအစဉ်မှူး။ ။ ရှေးကတည်းက ကင်းထောက် အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေ ရှိခဲ့တယ်ဆိုတာကို ဆရာမ ကြီးတို့ ပြောပြခဲ့ကြပါတယ်။ ဆက်ပြီးတော့ အမျိုးသမီးကင်းထောက်အဖွဲ့မှာ အမျိုး အစားက ဘယ်လိုမျိုးရှိတယ်ဆိုတာ သိပါရစေ။

ဒေါက်တာဒေါ်တင်လှကြည်။ ။ လက် ရှိ မှာအဖွဲ့ဝင်က သုံးမျိုးရှိပါတယ်။ အသက်နဲ့ ခွဲခြားထားပါ တယ်။ အသက် ၇ နှစ်ကနေ ၁၁ နှစ်ကတော့ ငှက်ပြာကင်းထောက်အမျိုးသမီး (Blue Bird)ပါ၊ ဒုတိယ အုပ်စုကတော့ အသက် ၁၂ နှစ် ကနေ ၁၈ နှစ် ကင်းထောက်မယ် (Girl Guides) ပါ၊ တတိယ အုပ်စုက တော့ အသက် ၁၉ နှစ် အထက်တွေပါ၊ ကျွန်မတို့ အပါအဝင်ပေါ့၊ သက်ကြီးကင်းထောက်(Adult Girl Guides)လို့ ခေါ်ပါတယ်။ အလယ်အုပ်စု ကင်းထောက်မယ်လေးတွေကတော့ အများ ဆုံးပါ။

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးကင်းထောက် အရေအတွက် ဘယ်လောက်ရှိနေသေးလဲ။

ဒေါက်တာဒေါ်တင်လှကြည်။ ။ စာရင်း အရဆိုရင်တော့ အခုလက်ရှိ ၄၇၁၁၃ ယောက် ခန့်မှန်းထား ပါတယ်။ ဒီအထဲမှာမှ အသက် ၁၉ နှစ်အောက် ကင်းထောက်မယ်လေးတွေက ၃၅၈၅၀ ၊ သက်ကြီး ၁၉ နှစ်အထက်က ၁၁၂၆၃ ယောက်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်။

 

တာရာ၊ ကေကေ

ဆက်လက်ဖော်ပြပါမည်