Skip to main content

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးဟု အယောင်ဆောင်ပြောဆို၍ ငွေခြောက်လှန့် တောင်းယူသူအား အရေးယူဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)ရပ်ကွက် သုမိတ္တာ ၂၅ လမ်း အိမ်အမှတ် (၉၇၁) နေ ဦးမင်းသူ (ယခင်လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့) သည် ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်းနှစ်ဦးအား ၎င်းတို့နှင့်ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ရောက်ရှိနေကြောင်း၊ ၎င်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများကို ကူညီ ဆောင်ရွက်ပေးနိုင်ကြောင်းပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ်သိန်း ၃၀ ကို ခြောက်လှန့် တောင်းယူ ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးမင်းသူအား စိစစ်ရာ ၎င်းသည် ကော်မရှင်မှ ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အတွင်းရေးမှူးဟု အယောင်ဆောင်ပြောဆိုပြီး ငွေကျပ်သိန်း ၃၀ ခြောက်လှန့်တောင်းခံရယူခဲ့သည်ကို စိစစ် တွေ့ရှိခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၇ ရက်က ပထမ သတင်းပေးတိုင်ကြားချက်အမှတ် ၇၆/၂၀၂၀ ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အမည်ကိုအသုံးပြု၍ မလျော်မကန် ဆောင်ရွက်မှုများကို တွေ့ရှိပါက ပြည်သူလူထုအနေဖြင့် ကော်မရှင်သို့ အချိန်မီ သတင်းပေးပို့ကြရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အသိပေးထုတ်ပြန်ထားသည်။

 

သတင်းစဉ်