Skip to main content

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲ တက်ရောက်

ပုသိမ် မတ် ၁

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူအသိပညာပေးပြခန်းများဖွင့်ပွဲကို ယနေ့ နံနက်က ဝါးဒူးကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစန်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က တောင်သူအသိပညာပေး ပြခန်းများကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တောင်သူအသိပညာပေးပြကွက်များအဖြစ် လယ်ယာသုံးစက်ကိရိယာဖြင့် ထွန်ယက်ပြသခြင်း၊ ကောင်းကင်မျိုးစေ့ကြဲ ကိရိယာဖြင့် မျိုးစေ့ကြဲပက်ခြင်း၊ ကောင်းကင်ဆေးဖြန်းစက်ဖြင့် ဆေးဖြန်းပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။

တောင်သူလယ်သမားနေ့အထိမ်းအမှတ် တောင်သူအသိပညာပေးပြခန်းများမှာ ဖိုးတောင်သူတဲ အပါအဝင် ဌာနဆိုင်ရာပြခန်းများ၊ တောင်သူလယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးပြခန်းများ၊ SMU ကျေးရွာများမှ ထုတ်ကုန်ပစ္စည်းများပြခန်း၊ တောင်သူများနှင့် ဆက်စပ်ကုမ္ပဏီများမှ ပြခန်းများ၊ သဘာဝပစ္စည်းများဖြင့် စိုက်ပျိုးထားသော ပညာပေးသီးနှံစိုက်ခင်းများ ပါဝင်သည်။

၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူအသိပညာပေးပြခန်းများကို မတ် ၂ ရက်နေ့အထိ ပြသပေးမှာဖြစ်ပြီး လူသုံးကုန်၊ စားသောက်ကုန်များကိုလည်း ရောင်းချပေးမှာဖြစ်ပြီး ညပိုင်းတွင်လည်း ဇာတ်ပွဲ၊ ဖျော်ဖြေရေးပွဲများ၊ ကျေးလက်ဒေသ စျေးတန်းများဖြင့် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း /ဓာတ်ပုံ မောင်မောင်မြင့်၊ နန်းထိုက်၊ လှမင်းထွဋ် (ပြန် / ဆက်)