မိုင်းယု မတ် ၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ဆောက်ရန် လျာထားသည့် ပုဂ္ဂလိက ကားကြီးကွင်းနှင့် ပုဂ္ဂလိက ဈေးတည်ဆောက်ရန် အတွက် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)၊ ဦးပိုင်အမှတ်(၂၆၁)၊ ဧက ၁ ဒဿမ ၃၀ ဧကရှိ ပုဂ္ဂလိကဈေးမြေနေရာကို နံနက် ၉ နာရီခွဲအချိန်နှင့် အကွက်အမှတ်(၁)၊ ဦးပိုင်အမှတ်(၂၅၆)၊ ဧက ၃ ဒဿမ ၂၃ ဧကရှိ ပုဂ္ဂလိက ကားကြီးကွင်းမြေနေရာကို ၁၀ နာရီခွဲမင်္ဂလာအချိန်တို့၌ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ တာချီလိတ်မြို့ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြန်မာဖောင်ဒါကုမ္မဏီ လီမိတက်မှ တာဝန်ရှိသူများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ဝန်ထမ်းများတို့က အဆောက် အဦဆောက်လုပ်မည့်နေရာ အသီးသီးတို့တွင် ပန္နက်ရိုက်ပေးခြင်း၊ အမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြသည်။ ထို့နောက် မိုင်းယုမြို့ ဒေသခံတိုင်းရင်းသူလေးများက ရိုးရာအကများဖြင့် ကပြဖျော်ဖြေပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့တို့သည် မိုင်းယုမြို့ ပြည်သူ့ဆေးရုံတည်ဆောက်ထားမှု နှင့် ဆေးရုံသုံးစက်ပစ္စည်းလိုအပ်ချက် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ကျပ် ၁၀ သိန်း၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းက ကျပ် ၁၀ သိန်းနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာမှ လှူဒါန်းရရှိငွေ ကျပ် ၇၄ သိန်း၊ စုစုပေါင်း ၉၄ သိန်းကျော်ကို ဆေးရုံအတွက် လိုအပ်သည့် ဓာတ်မှန်စက်ဝယ်ယူရန် မိုင်းယုတိုက်နယ် ဆရာဝန်နှင့် လက်ထောက်တိုက်နယ်ဆရာဝန်တို့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံတက်လူနာများ အား အလှူငွေများ ပေးအပ်လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)