လေးမျက်နှာ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာ၌ ရတနာအုပ်မြစ်စီ မင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များက ရတနာအုတ်တော်များကို တွင်းတော်ဝန်းများအတွင်း အသီးသီး စီသွင်းပေးကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း က ကျောင်းဆောင်သစ်ဆောက်လုပ်ရခြင်းနှင့် အလှူငွေလက်ခံရရှိမှုအခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး မ,တည်အလှူရှင် AGGC ကုမ္ပဏီ၏ CEO ဦးအောင်သူက ကျောင်းဆောင်သစ်ပြီးမြောက် အောင်မြင်ရေးအတွက် အားဖြည့်စကားပြောကြားပြီး ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာရေးမှူး ဒေါက်တာဦးစိုးလွင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များက အလှူငွေများပေးအပ်ရာ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များကလက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြ သည်။
အဆိုပါကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ (၂၁၈၄)သိန်းနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေ (၂၄၀၀)သိန်းခန့် စုစုပေါင်း (၄၅၈၄)သိန်းဖြင့် အလျား ပေ ၂၉၀'၊ အနံ ပေ ၃၀' နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည်ဖြစ်ပြီး တင်ဒါအောင် Dream Hight ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)