Skip to main content

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး အဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်ထိ (၁၅) နှစ်ကာလလျာထားပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ပထမ(၅)နှစ်စီမံချက်ကာလအတွင်း ရည်မှန်းချက်(၆)ရပ်ချမှတ်၍ လုပ်ငန်းကော်မတီ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူး အဖွဲ့ကို ၂၀၂၁ ခုနှစ် မေ ၃၁ ရက်တွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင်(၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းပေးပြီးဖြစ်ရာ အဖွဲ့၏လုပ်ငန်း တာဝန်များ အောင်မြင်စေရေး ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

အတွင်းရေးမှူးအဖွဲ့ဝင်များသည် လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများဖြစ်သည်နှင့်အညီ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည် ဖော်နိုင်မှု အခြေအနေကို ပြန်လည် သုံးသပ်၍ လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ရန် အမျိုးသားကော်မတီထံ တင်ပြရမည်ဖြစ်ကြောင်း။

ထို့ပြင် လုပ်ငန်းကော်မတီအလိုက် ဘဏ္ဍာငွေခန့်မှန်းတွက်ချက်မှု၊ ကာလတိုစီမံကိန်းများ အတွက် ဘဏ္ဍာရေး အစီအစဉ်များနှင့် နှစ်အလိုက် ငွေစာရင်း ရှင်းတမ်းများ ဆောင်ရွက်ရာတွင် အတွင်းရေးမှူးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံချက်ပါ အဓိကရည်မှန်းချက်ဖြစ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသော ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေးအတွက် အတွင်းရေးမှူး အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ လုပ်ငန်းတာဝန်ခံနှင့် တက်ရောက် လာကြသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်က တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)