Skip to main content

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မ

၂၀၂၀ ပြည့်နှစ် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက “နွေရာသီ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်း နိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်” မှာကြားသွားခဲ့သည်။

ယမန်နှစ် နွေရာသီ ရေရှားပါးမှုကို စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်း တို့ ပါဝင်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်၁၀ခုတို့ရှိမြို့နယ်ပေါင်း ၉၃ မြို့နယ်၊ ကျေးရွာပေါင်း ၂၀၈ ရွာတို့မှ လူဦးရေ ၆ဝဝဝဝကျော် တို့ ခံစားခဲ့ကြရသည်။ သာမန်အားဖြင့် ရေရှားပါးမှုဖြစ်ပေါ်မည်ဟု မျှော်မှန်းကြမည်မဟုတ်သည့် ဒေသများဖြစ်သည့် မြစ်ချောင်း အင်းအိုင်များ ပေါများသော ဧရာဝတီတိုင်းဒေသ ကြီးနှင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တို့တွင်ပါ ခြောက်သွေ့ရာသီ ရေရှားပါးပြတ်လပ်မှုကို ခံစားခဲ့ကြရသည်။

ရာသီဥတုပြောင်းလဲလာခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာခြင်းစသည့် အကြောင်းတရားများကြောင့် ခြောက်သွေ့ ရာသီ ရောက်ရှိလာသည်နှင့် မိမိတို့နိုင်ငံရှိ ဒေသအများအပြားတို့တွင် သောက်သုံးရေရှားပါးပြတ်လပ်မှုများ ကြုံတွေ့ကြရသည်မှာ နှစ်စဉ်လိုလို ဖြစ်လာနေပြီဖြစ်ရာ ဆယ်စု နှစ်နှင့် ချီနေပြီဖြစ်သည်။ ကျေးလက်ဒေသများ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများနှင့် စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နှစ်က ကျေးရွာပေါင်း ၂၀၆ ရွာတွင် နွေရာသီကာလ ရေရှားပါးမှုအခက်အခဲနှင့် ကြုံတွေ့နိုင်မည်ဟု မျှော်မှန်းစီစဉ်ခဲ့ပြီး လက်တွေ့တွင် ကျေးရွာပေါင်း ၃၈၉ ရွာ၌ ရေဖြန့်ဝေခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယင်းကျေးရွာများသောက်သုံးရေဖူလုံစေရေးအတွက် နိုင်ငံတော် သမ္မတအပါအဝင် အလှူရှင်များ၏ လှူဒါန်းငွေများ၊ နိုင်ငံတော်ရန်ပုံငွေများဖြင့် ကျေးရွာပေါင်း ၉၃ ရွာတွင် ရေပေးရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၇၃ ရွာကို ရေရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန် ၅၉ ရွာကို လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် လျာထားကြောင်း လည်း သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်ဒေသများသောက်သုံးရေရရှိရေး ဆောင်ရွက် ပေးရာတွင် အဝီစိတွင်း၊ လက်တွင်းများ တူးဖော် ပေးခြင်း၊ မြေသားမိုးရေလှောင်ကန်များ တည်ဆောက်ပေးခြင်း၊ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ပေးလျက်ရှိပြီး အချို့ကျေးရွာများတွင် ဖော်ပြပါနည်းလမ်း များဖြင့် ဆောင်ရွက်ပေးနိုင် သည့် အခြေအနေမရှိခြင်းကြောင့် ရေသယ်ယာဉ်များဖြင့် ရေပေးဝေခဲ့ရကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကရေပေးရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ မဟာ ဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ရေးဆွဲအကောင်အထည် ဖော်လျက်ရှိရာ ယခုအခါ ကျေးရွာပေါင်း ၈၀၆၄ ရွာရှိ ကျေးလက် ပြည်သူဦးရေ ၅ ဒသမ ၂၆ သန်းအတွက် ကျေးလက်ရေရရှိရေး လုပ်ငန်း ၉၅၇၁ ခုကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ ယခုဘဏ္ဍာ နှစ်တွင် ကျေးရွာ ၁၆၉၁ ရွာရှိ လူဦးရေ ၁ ဒသမ ၃ သန်းအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၁၇၂ဝကို ဆောင်ရွက်မည် ဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံသည် သဘာဝရေအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ သို့ရာတွင် ရေအရင်းအမြစ်များ မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ ရေကို အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲခြင်း စသည့်အပိုင်း တို့တွင်မူများစွာအားနည်းလျက်ရှိသည်။

သောက်သုံးရေရှားပါးပြတ်လပ်မှုသည် နှစ်စဉ်နွေရာသီရောက် ချိန်တိုင်း ရင်ဆိုင်ကြုံတွေ့နေကြရမည့် စိန်ခေါ်မှုပင်ဖြစ်ရာ ရေရှား ပါးမှုပြဿနာဖြေရှင်းရေးအတွက်အစိုးရ၏ဆောင်ရွက်အကောင် အထည်ဖော်မှုများတွင် ဒေသခံပြည်သူများက ပူးပေါင်းပါဝင်ခြင်း၊ မိမိတို့နေထိုင်ရာ ဒေသတွင်းရှိ ရေအရင်းအမြစ်များ ပျက်စီး ဆုံးရှုံးမှုမရှိအောင် လူတိုင်းက ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ ရေကို အလေ အလွင့်မရှိအောင် သုံးစွဲခြင်းတို့ဖြင့် နှစ်စဉ်ရေရှားပါးမှု ပြဿနာကို ကျော်လွှားနိုင်ကြပါစေကြောင်း။ ။