Skip to main content

ထားဝယ်မြို့ရှောင်လမ်းအပိုင်း ပြီးစီးပါက ယာဉ်ကြောကျပ်တည်းမှုများကို လျှော့ချနိုင်မည်

နေပြည်တော် ဇန်နဝါရီ ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇန်နဝါရီ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၂)၊ ၄ ဒသမ ၃ ကီလိုမီတာမှ ၆ ကီလိုမီတာအထိ ဖောက်လုပ်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း၊ ပေါက်တိုင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး သည်။

ပေါက်တိုင်း တံတားသည် အရှည် ၁၄၈ ပေ၊ သံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတား လုပ်ငန်းများပြီးစီး၍ အချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၂) ပြီးစီးပါက မော်တော်ယာဉ်များ မြို့အတွင်းမှ ဖြတ်သန်းသွားလာရန်မလိုဘဲ ယာဉ်ကြောကျပ်တည်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမဆောင်၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး အတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက် လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။

ကျေးလက်လမ်း၊ တံတားများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန် မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရန် အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ယနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်း-အုန်း တောကမ်းတံတားသို့ ရောက်ရှိပြီး လုပ်ငန်းပြီးစီးမှု၊ တံတား အချောသပ် လုပ်ငန်းများနှင့် ချဉ်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဘုတ်ပြင်း-အုန်းတောကမ်း တံတားသည် အရှည်ပေ ၁၂၀၀ ရှိ သံကူကွန်ကရစ်တံတား ဖြစ်ပြီး အုတ်မြစ်ထည်ကို Pile Foundation ဖြင့်လည်းကောင်း၊ တံတားကိုယ်ထည်နှင့် အပေါ်ထည်ကို သံကူကွန်ကရစ်၊ သံကူကွန်ကရစ်ရက်မ၊ သံမဏိရက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းတို့ဖြင့် လည်းကောင်း တည်ဆောက်ထားပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီပါရှိကာ နှစ်လမ်းသွား ချဉ်းကပ်လမ်းကို ဆက်လက်တည်ဆောက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်