ရန်ကုန် မတ် ၂
အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအဆင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းဆွေးနွေးပွဲ (National Workshop on Financial Management & Controls) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ အထောက်အကူပြုဌာန ညွှန်ကြားရေးမှူး Mr.J.Rizal C.Pangilinan၊ အုပ်ချုပ်ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Thian Hoon-boon နှင့် အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့နှင့် ဒုတိယဥက္ကဋ္ဌ Mr. Paul Ho နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယ ကင်းထောက်ချုပ် ဦးသာစိန် နှင့် မြန်မာနိုင်ငံ ကင်းထောက်ကြီးများ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့် တိုင်းဒေသကြီး /ပြည်နယ် ပညာရေးမှူးရုံးများကိုယ်စားပြု ပညာရေးအရာရှိ ၁၇ ဦး၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ရိုဗာကင်းထောက် ခေါင်းဆောင် ၁၇ ဦး တို့ တက်ရောက်ကြသည်။
လုပ်ငန်းဆွေးနွေးပွဲ ဖွင့်ပွဲတွင် ကင်းထောက်ချုပ် ဒေါက်တာတင်ညို က ယခုဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့တွင် အရေးကြီးသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုလုပ်ငန်းအတွက် အထူးလိုအပ်သည့် လုပ်ငန်းစနစ်နှင့် နိုင်ငံတကာ၏ အတွေ့အကြုံများ ရရှိလာမည်ဖြစ်သဖြင့် အဓိက ကျသည့် လုပ်ငန်းဆွေးနွေးပွဲဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသအတွင်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း တာဝန်များ၊ စီစဉ်ဆောင်ရွက်ရသည့် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပရသဖြင့် အတွေ့အကြုံရင့်ကျက် သည့် ပုဂ္ဂိုလ်များ တစုတဝေးတည်း ပါဝင်လာသည့် အတွက် ထူးခြားမှု တစ်ရပ်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရေးတာဝန်ရှိသူများ ပါဝင်လာပြီး ယခုတိုးချဲ့ဖွဲ့စည်းလျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်ကင်းထောက် ရုံးများအတွက် အထောက်အကူ ဖြစ်ပါကြောင်း၊ မကြာမီကာလ အတွင်း စနစ်ကျ ကောင်းမွန်သည့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အဖွဲ့ အထောက်အကူပြုဌာန ညွှန်ကြားရေးမှူး Mr.J.Rizal C.Pangilinan က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့အတွက် လိုအပ်နေသည့် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်၏ မူဘောင်နှင့် ကိုက်ညီသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများကို ပို့ချဆွေးနွေးခွင့်ရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ နားလည်သိကျွမ်းသည့် နိုင်ငံတကာမှ အတွေ့အကြုံ ရှိသည့် ကင်းထောက် ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင် ပို့ချသွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံကင်းထောက်၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြည့်စုံကောင်း မွန်လာမည်ဖြစ်သကဲ့သို့ ကမ္ဘာ့ ကင်းထောက်အဖွဲ့ချုပ်၏ လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းဆွေးနွေးပွဲကို မတ် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး လုပ်ငန်းဆွေးနွေးပွဲ တက်ရောက်သူများအား အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ဝင်များဖြစ်သည့် စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ) တို့မှ ကင်းထောက်ချုပ်များ၊ ဒုတိယ ကင်းထောက်ချုပ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီဝင်များက သင်ကြား ပို့ချဆွေးနွေး ကြမည်ဖြစ်သည်။
သတင်းစဉ်