မုံရွာ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာ ဓာတ်အားလိုင်းနှင့် သုံးမိုင်အတွင်းရှိပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးသောကျေးရွာ ၅၅၉ ရွာကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ် မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး မှ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းထံမှ သိရသည်။
"အခုမီးလင်းရေးလုပ်ဆောင်ပေးမယ့် ခရိုင် ခြောက်ခုအတွင်းမှာရှိတဲ့ ကျေးရွာ ၅၅၉ ရွာ က မဟာဓာတ်အားလိုင်းနဲ့ သုံးမိုင်အကွာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်”ဟု အင်ဂျင်နီယာမှူး ကြီး ဦးမျိုးသန့်ထွန်းက ပြောကြားသည်။
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်မီးလင်းရေးလုပ်ဆောင်ပေးမည့် အစီအစဉ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း ကျေးရွာ ၇၄ ရွာ၊ စစ်ကိုင်းခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာ၊ ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ ၁၅၉ ရွာ၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၃၀၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ ၉၉ ရွာ၊ ကလေးခရိုင်အတွင်းရှိ ကျေးရွာ ၆၅ ရွာ၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာ ၁၀၆ ရွာတို့တွင် 11kv Line စုစုပေါင်း ၄၇၂ ဒသမ ဝ၇ မိုင်အရှည်နှင့် ထရန်စဖော်မာ ၁၃၂၂ လုံး တို့အား သွယ်တန်း တပ်ဆင် ပေးသွားမည်ဖြစ် ကြောင်းနှင့် ဖေဖော်ဝါရီလကုန်အထိ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅၉၈၉ ရွာရှိသည့် အနက်မှ ကျေးရွာ ၅၂၄၄ ရွာတွင် နည်းလမ်းမျိုးစုံဖြင့် လျှပ်စစ်မီးသုံးစွဲခွင့် ရရှိ နေပြီဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)