ဖားဆောင်း မတ် ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူထုတွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက ဖားဆောင်းမြို့ ဖားစည်သံလွင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များ ပြည်သူများ၏ တင်ပြချက်များအပေါ် ကဏ္ဍများအလိုက် ဖြည့်ဆည်းပေးလျက်ရှိပြီး ပြည်သူများ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိရေး အတွက်လည်း မြို့မြေငှားဂရန်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချထားပေးလျက် ရှိကြောင်း၊ ပြည်သူများ လိုအပ်ချက်များရှိက ပွင့်လင်းမြင်သာစွာ တင်ပြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း နှင့် ပြည်နယ်ဝန်ကြီးချုပ်မှ ဝမ်အောင်းကယားကျေးရွာ လူငယ်များအသုံးပြုသည့် အသံချဲ့စက် ပြုပြင်ရန်အတွက် ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖားဆောင်းမြို့နယ်မှ မြို့မြေငှားဂရန် လူနေထိုင်အသုံးပြုရန် လျှောက်ထားသူ (၁၃၀)ဦးနှင့် စက်မှုမြေငှားဂရန် အသုံးပြုရန် လျှောက်ထားသူ (၁)ဦး စုစုပေါင်း (၁၃၁)ဦးတို့အား မြို့မြေငှားဂရမ်များ ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၃၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)