Skip to main content

ကျောင်းပြင်ပ အလယ်တန်းပညာရေးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း

ဟင်္သာတ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြစ်ကွေ့ပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) အတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့က ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်ရှိ ဘောဇနသီရိ ဆွမ်းစားဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရရှိသူများ၊ ပညာဆက်လက်မသင်ကြားနိုင်သည့် ကလေးငယ်များကို ဆက်လက် သင်ကြားပေးနိုင်ရန် အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်အထိ ဆုံးခန်းတိုင် ပညာရေး ပြီးမြောက်အောင်မြင်ပြီး ဘဝရပ်တည်အာမခံချက်ရရှိ ရပ်တည်နိုင်ရန်နှင့်  စာမတတ်သူ လျော့နည်း ပပျောက်စေရေးအတွက် အစီအမံ လမ်းညွှန်ချက်များကို အောင်မြင်အောင် ဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ကျောင်းကြီးကြပ်ရေးမှူး ဆရာမဒေါ်အေးသန်းက ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME)သင်ကြားနေမှု အခြေအနေများကို ရှင်းလင်းပြေကြားသည်။

ထို့နောက် ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ကြားနေသည့် ကိုရင် ၃၂ ပါး၊ သီလရှင် ၃ ပါးနှင့် ကျောင်းသူ ၅ ဦးတို့အတွက် သင်္ဃန်း၊ သီလရှင်ဝတ်စုံ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေးမွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်လှူဒါန်း ခဲ့ကြသည်။

အလားတူ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မြစ်ကွေ့ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးကို လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း၍ ဖူးမြော်ကြည်ညို သြဝါဒ ခံယူပြီး နောက် ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFME) သင်ကြားနေမှုများကို လှည့်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)