ရန်ကုန် မတ် ၃
မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိသော အစားအသောက် များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လက်တွေ့ကျသော နည်းဗျူဟာဖော်ဆောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ” ဖွင့်ပွဲကို ယမန် နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားလုံး နေ့စဉ် စားသုံးနေရသည့် အစား အသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်တွေ့မြေပြင်အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီဆီလျော်သည့် နည်းဗျူဟာများဖြင့် လုပ်ဆောင်နိုင်ရေး အတွက် ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် မိမိတို့၏ နိုင်ငံသူ၊ နိုင်ငံသားများ တစ်ဦး တစ်ယောက် မကျန်အတွက် အရေးကြီးပါကြောင်း၊ ဈေးများနှင့် ဈေးပြင်ပတွင် ရောင်းချနေသော အစားအသောက်များ၏ သန့်ရှင်း လတ်ဆတ်မှုရှိရန်၊ ခွင့်မပြုဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင်ခြင်းမရှိစေရန်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးကြွင်းကျန်မှုများပါဝင်မှုကင်းစင်စေရန်၊ ကပ်ပါးရောဂါပိုးဥများ နှင့် အခြားရောဂါပိုးများ ပါဝင်မှု ကင်းစင် စေရန်တို့ကိုဆောင်ရွက်နိုင်မှသာ ရေရှည်တွင် ပြည်သူ၊ ပြည်သားများ ကျန်းမာမည်ဖြစ် ပါကြောင်း။
အစာအဆိပ်သင့်ခြင်းကဲ့သို့ လတ်တလောဖြစ်ပွားသည့် ရောဂါများသာမက သွေးတိုး၊ ဆီးချို၊ အဝလွန် ရောဂါနှင့် ကင်ဆာရောဂါအမျိုးမျိုးအပါအဝင် ရောဂါများဖြစ်ပွားမှုများသည် နေ့စဉ်စားသုံးနေသည့် အစား အသောက် ပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ပြည်သူများ အားလုံး၏ ကျန်းမာရေး တိုးတက်မှု ဆောင်ရွက် ရန် အဓိကထား စဉ်းစားကာ စံလုပ်ထုံး လုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲပြီး လုပ်ငန်း လမ်းပြမြေပုံများ ချမှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများ ပိုမိုပီပြင် ထိရောက်စေရန်အတွက် အမြဲမပြတ်စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်ခြင်းများ ဆောင်ရွက် ရ မည်ဖြစ်ပါကြောင်း။
အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်ရာတွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ၊ မြို့တော် စည်ပင်သာယာ ရေးကော်မတီများ၊ စားသုံးသူရေးရာ ဦးစီးဌာနစသည့် နှီးနွှယ်ဌာနများ ပူးပေါင်း ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ အဓိကအကျဆုံး အချက်မှာ ဈေးရောင်းချသူများတွင် ကျန်းမာရေးဗဟုသုတ၊ စေတ နာ၊ စစ်မှန်သော ခံယူချက်များရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဈေးရောင်းချသူများတွင် အစား အသောက် ဘေး အန္တရာယ်ကင်းရှင်းရေး အသိပညာရှိရန်လိုအပ်ပါသဖြင့် မိမိတို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုအသိပညာများကို သိရှိရုံဖြင့် မလုံလောက်ဘဲ လက်တွေ့ လိုက်နာ ကျင့်သုံးရန် မှာလည်း အရေးကြီးပါကြောင်း၊ ထိုသို့ အသိပညာများအား လက်တွေ့အသုံးချနိုင်မှု အခြေအနေ အရပ်ရပ်ကိုလည်း ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသုံးချသုတေသန များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။
မိမိတို့အဓိကထားသော အစားအသောက် ဘေးကင်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက် ရာတွင် အစား အသောက်တစ်ခုတည်း သာမက စားသောက်ကုန်ရောင်းချရာနေရာများတွင် သန့်ရှင်းသောရေရရှိရေး၊ ခြင်၊ ယင်နှင့် ကြွက်များ ကင်းစင်စေရေးတို့မှာလည်း အရေးကြီးသောကြောင့် စည်ပင်သာယာရေး ကော်မတီများ၏ ပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း၊ လူတစ်ဦးတွင်ရောဂါရရှိစေမည့် အရာများသည် ကိုယ်ခန္ဓာရှိ မျက်စိ၊ နှာခေါင်း၊ နား၊ ခံတွင်း၊ အရေပြားနှင့် မျိုးပွားအင်္ဂါများမှ တစ်ဆင့်ဝင်ရောက်လာနိုင်ပါကြောင်း၊ ၎င်းတို့အနက် လူတိုင်းသည် နေ့စဉ်အစာအာဟာရစားသုံးနေရသည့်အတွက် ပါးစပ်မှ တစ်ဆင့် ဘေးအန္တရာယ် ရှိသည့် အစားအသောက်များစားသုံးမိပါက ရောဂါဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ဈေးများနှင့် ဈေးပြင်ပရောင်းချသော အစားအသောက်များ၏ ကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေး ပွဲမှ လက်တွေ့ကျ၍ အမှန်တကယ်အကောင် အထည်ဖော်နိုင်သော နည်းဗျူဟာများ ထွက်ရှိစေ ရေးအတွက် ဘက်ပေါင်းစုံမှ ပွင့်လင်းစွာဖြင့် အကြံပြုဆွေးနွေးကြ စေလိုပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးချက်များကို ကဏ္ဍအလိုက်ခွဲခြမ်းစိတ်ဖြာ၍ ဦးစားပေးအဆင့် များသတ်မှတ်ကာ လုပ်ငန်းစဉ်များရေးဆွဲစေ လိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင်မှုသည် အဓိက အရေးကြီးပါ ကြောင်း၊ လုပ်ငန်းဆောင်ရွက်ကြသူများအနေဖြင့် လုပ်ငန်းအတွေ့အကြုံများကို ကွန်ရက် ချိတ်ဆက် ဆောင်ရွက်မှုပုံစံဖြင့် ဝေမျှဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အစား အသောက် နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်တို့ က အဖွင့်အမှာစကား ပြောကြား သည်။
အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိ သော အစား အသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နှီးနွှယ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မှုအား အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် လက်တွေ့ကျသော နည်းဗျူဟာတစ်ခု ပေါ်ပေါက် လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး (၂)ရက်တာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)