နေပြည်တော် မတ် ၃
ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဉက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ယနေ့ အစည်း အဝေးတွင် အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ညှိနှိုင်း ဆွေးနွေး ကြရန်ဖြစ် ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စား လှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ လက်မှတ် ရေးထိုးခဲ့သည့် Joint communique နှင့် ပတ်သက်၍ အမျိုးသားကော်မတီနှင့် လုပ်ငန်း ကော်မတီများက အစည်း အဝေးများကျင်းပခဲ့ပြီး အကြံပြု ချက်များကို (၃) ကြိမ် တောင်းခံခဲ့ပြီးဖြစ်ကြောင်း၊ ရရှိလာသော အကြံပြု ချက်များဖြင့် မိမိတို့နိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အမျိုးသား အဆင့် လုပ်ငန်း စီမံချက်အဖြစ် ရေးဆွဲထားခြင်းဖြစ်ကြောင်း။
ကုလသမဂ္ဂအဖွဲ့အစည်းများမှ လုပ်ငန်းစီမံချက်တွင် ဖြည့်စွက်ရန် ပေးပို့လာသည့် အကြံပြုချက်များရှိကြောင်း၊ ထိုအကြံပြုချက်များကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ အဖြေရရှိ အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဖြည့်စွက်ရန် အကြံပြုလာသည့် အချက်များဖြစ်သည့် အသက်ရှင်ကျန်ရစ်သူ၊ ကျူးလွန်ခံရသူများကို အဓိက ထား၍ ဖြေရှင်းဆောင်ရွက်ရန်၊ လုံခြုံမှု နှင့်အကာအကွယ်ပေးနိုင်မှုရှိသည့် တိုင်ကြားနိုင်မှု ယန္တရား ပိုမိုခိုင်မာ စေရေးစသည့် အချက်များ ကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေများနှင့် သက်ဆိုင်ရာ ဥပဒေများပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများရှိပါ ကြောင်း၊ သို့ရာတွင် အမျိုးသမီးများအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း) ရေးဆွဲပြီးဖြစ်၍ လွှတ်တော်တွင် ဆွေးနွေးရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး ကဏ္ဍများရှိ တာဝန်ရှိသူများအား စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာသင်တန်း များပေးခြင်းနှင့် Qualitative Indicator များဖြင့်တိုင်းတာရန် ၊ UNအဖွဲ့ အစည်းများ ၊ UN Monitoring Analysis and reporting Arrangements (MARA) Working Group တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် စသည့်အချက်များလည်း ပါဝင်ပါကြောင်း။
မိမိတို့ကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော် တိုးတက်မှုများနှင့် စပ်လျဉ်း၍ UNCTFMR တို့အကြားတစ်နှစ်လျှင်(၃)ကြိမ် တွေ့ဆုံပွဲများကို ဆောင်ရွက်သွားရန် ရှိကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီUN အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ကော်မတီဝင် များ၏ အမြင်သဘောထားများကို ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းစီမံချက် အပေါ် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် ခက်ခဲမည့် အပိုင်းများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြား သည်။
ထို့နောက် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသား အဆင့်လုပ်ငန်းစီမံချက်အပေါ် UN အဖွဲ့အစည်း များမှပေးပို့လာသော အကြံပြုချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာကြသော ကော်မတီဝင်များက လုပ်ငန်းစီမံချက်အပေါ် အကြံပြု ချက်များအလိုက် ဆွေးနွေး ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် ဆုံးဖြတ်ချက်ချခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)