Skip to main content

ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် တိုက်ပွဲရှောင် ပြည်သူများ နေရပ်အသီးသီးသို့ ထပ်မံပြန်လည်ဝင်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၄

ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် လွတ်ကင်းသည့် နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၂၂၂ ဦးတို့သည် ၎င်းတို့ နေရပ် အသီးသီးသို့ ထပ်မံ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် တိုက်ပွဲရှောင်ပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

ကယားပြည်နယ်အတွင်း NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ပြန်လည်ရရှိလာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရား၊ စေတီများ နှင့် အခြား ဘာသာရေး ကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြုဆုတောင်း သူများနှင့် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည်။