Skip to main content

တရုတ်သို့ ဖရဲ၊ သခွားတင်ပို့မှု ပုံမှန်ဝယ်ယူမှု၏ ထက်ဝက်တွင်သာရှိနေ

ရန်ကုန်  မတ် ၃

တရုတ်နိုင်ငံသို့ တစ်နေ့လျှင် မြန်မာ့ ဖရဲ၊ သခွားကုန်ကားအစီးငါးရာ တင်ပို့ခဲ့ရာမှ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် ဝယ်လိုအား ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလကုန်တွင် ကားအစီး နှစ်ရာကျော်ခန့်သာ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။

“တရုတ်နယ်စပ်ရဲ့ အဓိကက မူဆယ်ပဲရှိတယ်။ ဖေဖော်ဝါရီ ၂ဝ ရက် ကျော်ကတည်းက ပွင့်လာပြီ ဆိုပေမယ့် အရင်ကနဲ့စာရင် ၅ဝ ရာခိုင်နှုန်းလောက်ပဲ သွားနေတယ်။ ယခင်က တစ်ရက်ကို ဖရဲ၊ သခွားကား အစီး ငါးရာ လောက်တက်ရာကနေ ဖေဖော်ဝါရီ ၂ဝ ရက် ကျော်က တစ်ရက်ကို ကုန်ကားအစီး တစ်ရာ လောက် တက်တယ်။ အခုတစ်ရက်ကို ကားအစီး နှစ်ရာကျော်လောက်သွား နေပါပြီ။ ဈေးနှုန်းက အရင်ကလောက် ဈေးသိပ်မရတော့ဘူး၊ ဈေးနည်းနည်း တော့ ကျတယ်၊ လုံးဝဆုံးရှုံးတာတော့ မရှိပါဘူး။ ရေရှည်မှာတာ့ တရုတ် ဈေးကွက်အပြင် တခြားနိုင်ငံဈေးကွက်တွေ ရှာထားရမယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက ပြော သည်။

နှစ်စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖရဲ၊ သခွား တန်ချိန် ရှစ်သိန်း အထိ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဝူဟန်၌ ကူးစက်ရောဂါ ဖြစ်ပြီးနောက် တရုတ်နိုင်ငံအတွင်း ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ခဲ့ရ၍ တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဈေးကွက်များသို့ တင်ပို့မှု လျော့နည်းခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် တန်ချိန် နှစ်သိန်းကျော်အထိသာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ ဝယ်ယူ ရန်ကမ်းလှမ်းသဖြင့် ဝယ်ယူမှုဈေးကွက်ပျက်နေရာမှ ဖရဲ၊ သခွား တင်ပို့မှုမှာ ဝယ်လိုအား ထက်ဝက် အထိ ရှိလာကြောင်း သိရသည်။

“ဒီနေ့ တရုတ်နယ်စပ်ကို ဖရဲ၊ သခွား အစီးရေ နှစ်ရာကျော် တက်သွားပါတယ်။ ဖရဲ၊ သွားရောက် စိုက်ပျိုး တင်ပို့သူဦးရေ ငါးသောင်းဝန်းကျင်ရှိပြီး စိုက်ဧက ၉၃၅၀ဝ ခန့်၊ သခွားမွှေးစိုက်ဧက ၃၄၁၅ဝ ရှိပါတယ်။ သခွားမွှေး တင်ပို့မှုက မဆိုးဘူး၊ ဈေးရတယ်။ ဝယ်လိုအား အသင့်အတင့်ရှိနေတယ်။ ဒီနှစ် ဖရဲက မကောင်း ဘူး။ ဖရဲတင်ပို့မှုမှာ ကားခ စရိတ်သာ ရနေပါတယ်။ စိုက်ပျိုးတင်ပို့သူတွေ အနေနဲ့ ဈေးကွက်ပျက်နေချိန်မှာ သတင်းအချက်အလက်ကို နားစွင့်ရမယ်။ သတင်းမသိဘဲ တက်သွားရင် ဟိုကျတော့ အသီးဖိုး မရတဲ့အပြင် ကားခပါ ထပ်စိုက်နေရမယ်။ သက်ဆိုင်ရာပွဲရုံပွဲစားတွေကို လေ့လာပြီးမှ တက်ကြပါ။ မတက်သင့်ရင် မတက် ပါနဲ့။ မတက်သင့်ဘဲ တက်ခဲ့ရင် နစ်နာမှာ စိုးလို့ပါ။ သတင်းအချက်အလက်တွေကို လေ့လာပြီးမှ တက်ကြ ပါ။ သူတို့ဆီမှာ ဒုက္ခရောက်နေကြတော့ မဝယ်နိုင်တာလေ။ နယ်စပ်အနီးလေးကပဲ ဝယ်တော့ ဈေးကနည်းတာ။ သူတို့က ဖရဲ ၁၂ ဘီးကားတစ်စီးကို ပုံမှန်ကား ယွမ်ငါးသောင်း လောက်ပေးတယ်။ အခုက ယွမ်ခုနစ်ထောင်၊ တစ်သောင်း ပေးလည်း ရောင်းရ တာ” ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးတင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

တရုတ်နိုင်ငံသို့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဖရဲ ၆၆၀၀၁၆ တန် (အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၈၄ သန်း)၊ သခွားမွှေး ၁၁၁၇၂၆ တန် (အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၄ သန်း)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဖရဲ ၈၀၀၄၂၄ တန် (အမေရိကန် ဒေါ်လာ ၇၇ ဒသမ ၄၆ သန်း)၊ သခွားမွှေး ၁၂၆၂၂၇ တန် (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၇ သန်း)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖရဲ ၇၄၈၄၇၂ တန် (အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅ သန်း)၊ သခွားမွှေး ၁၅၈၀၆၉ တန် (အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၂၃ သန်း)တန်ဖိုးအထိ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဖရဲ တန် ၃၃၀၀၀၀ ကျော်နှင့် သခွားမွှေးတန် ၄၀၀၀၀ ကျော်အထိ ပို့နိုင်ကြောင်း မြန်မာနိုင်ငံဖရဲ သခွား စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

တရုတ်နိုင်ငံသို့ နှစ်စဉ် နိုဝင်ဘာလမှ မေလအထိ ပုံမှန်တင်ပို့ကာလဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ များသည် တင်ပို့မှုအများဆုံးဖြစ်ရာ ဝယ်လိုအား ကျဆင်းချိန်တွင် ရန်ကုန်မြို့ မြေပဒေသာကျွန်း၌ ဖရဲ၊ သခွား ပွဲတော်ကို ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၄ ရက်အထိ ကျင်းပသဖြင့် ပြည်တွင်းဝယ်လိုအား တက်လာကြောင်း သိရသည်။

သန့်ဇင်ဝင်း