မြစ်ကြီးနား မတ် ၄
ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှု စာချွန် လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိ ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဘောမ်လမ်းနှင့် တရုတ်- ယူနန်ထိန်ရင်း ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
လက်မှတ်ရေးထိုးပွဲတွင် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက စီပွားရေး နယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ကန်ပိုက်တီမြို့တွင်ရှိသည့် ဒေသခံ ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကို အဆင့်မြှင့်တင်ရေး၊ တရားမဝင် ကုန်စည်တွေ ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာပြီး အများပြည်သူအတွက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာရေးအတွက် ဥပဒေနှင့်အညီ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဘောမ်လမ်းက စီးပွားရေးနယ်မြေစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ(MoU)ကို ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီဘက်မှ မန်နေဂျင်း ဒါရိုက်တာနှင့် တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြပြီး စာချွန်လွှာကို လဲလှယ်ခဲ့ကြသည်။
အဆိုပါ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၏ တဖက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အဓိကကုန်စည် စီးဆင်းလျက်ရှိသည့် နယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ဂိတ် အဆင့်မြှင့်တင်နိုင်ရေး အတွက် စီးပွားရေး နယ်မြေ စီမံကိန်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒုတိယ အကြိမ် ကချင်ပြည်နယ် လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းအတည်ပြုချက် ရယူခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်မှုဖွံ့ဖြိုးရေးကုမ္ပဏီမှာ ကန်ပိုက်တီဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်နှင့် တရုတ်-ယူနန်ထိန်ရင်းကုန်သွယ်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူဖက်စပ်တည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်