နေပြည်တော် မတ် ၄
ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ အား လက်ခံကျင့်သုံးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော ဝန်ကြီးဌာန(၁၆)ခုမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ILO ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး အငယ်ဆုံး အသက်ပြဌာန်းချက်အမှတ်-၁၃၈ လက်ခံကျင့်သုံးရေး၊ မြန်မာနိုင်ငံတွင် လက်ရှိဖွင့်လှစ်ဆောင်ရွက်နေသည့် ILO ဆက်သွယ်ရေးအရာရှိရုံး အဆင့် မှ အခြားနိုင်ငံများနည်းတူ အမြဲတမ်းရုံးအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတို့၏ ထောက်ခံများဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အဓမ္မခိုင်းစေမှု ပပျောက်ရေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထိ ILO နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ အစိုးရ၏ကိုယ်ပိုင်ယန္တရားဖြင့် ထူထောင်ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ပြီး ကြားကာလ ယန္တရားကို ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်ထိ HLWG အနေဖြင့်တာဝန်ယူပြီး အမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ခဲ့ရာ ကြားကာလ ယန္တရားတွင် အမှုများ လက်ခံဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါအမှုများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းစီမံချက်၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (NCM)တို့ကို နိုင်ငံတော်သမ္မတရုံးမှခွင့်ပြုခဲ့ပြီး အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၂/ ၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပြီး (၁၄) ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အလုပ်သမား ကိုယ်စားလှယ်နှင့် ILO ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ အကြံပြုဆွေးနွေးချက်များအရ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီတွင် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များ အဖွဲ့ဝင်အဖြစ် ထည့်သွင်း၍ ပြင်ဆင် ဖွဲ့စည်းထားရှိ ခဲ့ပါကြောင်း။
၃၃၈ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် ဂျီနီဗာ၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ ရှင်းလင်းဆွေးနွေးနိုင်ရန် ကြားကာလ ယန္တရားအကောင်အထည်ဖော်ဆောင်ရွက်မှု၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (NCM) လည်ပတ် ဆောင်ရွက်နေမှု၊ မိတ်ဖက်နိုင်ငံများအား မိမိတို့ဘက်မှ ထောက်ခံပြောကြားပေးရန် ၃၃၇ ကြိမ်မြောက် ILO အုပ်ချုပ်မှု အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အခြေခံ၍ပြုစုထားသည့် အလုပ်သမားရေးရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို Information Sheet ပြုစုပြီး သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျီနီဗာ၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးကို အချက်အလက်များအချိန်မီ ပေးပို့နိုင်ခဲ့ပါကြောင်း။
HLWG အဖွဲ့ဝင်များအနေဖြင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်များကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက် နိုင်ရေး Standard Operation Procedure –SOP ကို နိုင်ငံတကာစံများနှင့်အညီရေးဆွဲပြီး အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေး အဖွဲ့ဝင်များအနေဖြင့် SOP ရေးဆွဲပြီး မိမိတို့ဝန်ကြီးဌာနသို့ အမြန်ဆုံးပေးပို့စေလိုပါကြောင်းနှင့် National Complaints Mechanism- NCM လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ တက်ရောက်လာသူများမှ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍများ အလိုက်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဆွေးနွေး ချက်များအပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)