Skip to main content

လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ Pen Myanmar အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်သည် လူ့အခွင့်အရေး၏ တန်ဖိုးတစ်ရပ် ဖြစ် သကဲ့သို့ ဒီမိုကရေစီ၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရထိုက်သော လူတစ်ဦးချင်း၏ အခြေခံအခွင့်အရေး၊ အခြေခံရပိုင်ခွင့်လည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိ အမှတ်ပြု ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း။

တက်ရောက်လာကြသူများအနေဖြင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက် ၍ ယခုဆွေးနွေးပွဲမှရရှိသည့် အသိအမြင်အယူအဆများကို အသုံးချကာ မိမိတို့ပတ်ဝန်းကျင်၌ ထိတွေ့ဆက်ဆံရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွင်း လုပ်ကိုင်ဆောင်ရွက် ရာတွင်ဖြစ်စေ ဆက်စပ်တွေ့ကြုံလာနိုင်သည့် ဖြစ်စဉ်များ၊ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း ရာ၌ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို မှန်ကန်စွာကျင့်သုံးခြင်း၊ မှန်ကန်စွာ ကျင့်သုံးနိုင်အောင် အားပေးခြင်းနှင့် ထိန်းကျောင်းတည့်မတ်ပေးခြင်းတို့ဖြင့် နိုင်ငံ့အကျိုး၊ လူ့ အဖွဲ့အစည်း ကောင်းကျိုးများအတွက် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် Pen Myanmar ဥက္ကဋ္ဌ ဦးညီပုလေးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူ းချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁၉)ပါ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဟန်တို့က သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် Pen Myanmar မှ ဒါရိုက်တာ ဦးဟန်ဇော်နှင့် Pen International Director မသီတာ (စမ်းချောင်း) တို့က စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ကြီးခင်အဖွဲ့မှ တာဝန်ရှိသူများက သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ ကိစ္စများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

သတင်းစဉ်