နေပြည်တော် မတ် ၄
ဒုတိယအကြိမ် မြန်မာ-ချက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပမဟုတ်သည့် နိုင်ငံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယဝန်ကြီး Mr. Martin Tlapa ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ-ချက် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များ စီစဉ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့် ခရီးသွားလာရေး ကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့နိုင်မည့် နည်းလမ်းများအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံအကြား တတိယအကြိမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကို နေပြည်တော်တွင် ယခုနှစ် မေလအတွင်း ကျင်းပနိုင်ရေးကိုလည်း ညှိနှိုင်းဆွေးနွေးသည်။ အမြဲတမ်းအတွင်းဝန်က နိုင်ငံတော် အစိုးရမှ ဦးစားပေးဆောင်ရွက်လျက် ရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ် ဖြစ်ပေါ်တိုးတက်မှု အခြေအနေ တို့ကိုလည်း ရှင်းလင်းအသိပေးခဲ့သည်။ ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ် များနှင့်စပ်လျဉ်း၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။
အမြဲတမ်းအတွင်းဝန်သည် ပရာ့ဂ်မြို့တွင် ရှိနေစဉ်အတွင်း ချက်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mr. Thomas Petricek နှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်