နေပြည်တော် ဇူလိုင် ၃၀
ယနေ့ခေတ် ခရီးသွားလုပ်ငန်းတွင် အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုခု တတ်မြောက်ထားခြင်းသည် စီးပွားရေးအခွင့်အလမ်းများ၊ နှစ်နိုင်ငံမိတ်ဖွဲ့ အဖွဲ့အစည်းများနှင့် သံတမန်ဖလှယ်မှုများကို ပေါင်းကူးပေးသည့် ဗျူဟာမြောက်စွမ်းဆောင်မှုတစ်ခုဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယနေ့နံနက်ပိုင်းတွင် Aureum Palace Hotel ၌ ကျင်းပသည့် ရုရှားဘာသာ စကား(အခြေခံ)သင်တန်း အမှတ်စဉ်(၄)ဖွင့်ပွဲတွင် ပြောကြားသည်။
ထို့ပြင် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတတ်မြောက်သည့် ဘာသာစကားဖြင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုပုံရိပ်များကို မြှင့်တင်ကာ ဟိုတယ်နှင့်ခရီးသွားနယ်ပယ်တွင် ဘာသာစကားကျွမ်းကျင်သည့် ဝန်ထမ်းများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးကို ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။
အခမ်းအနားတွင် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင် များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာ-ရုရှား နှစ်နိုင်ငံအပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာကဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များကို ပြည့်စုံ ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်စေရန် ရည်ရွယ်၍ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဟိုတယ်များမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၃၄ ဦး တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ သင်တန်းနည်းပြများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်
