နေပြည်တော် ဇူလိုင် ၃၀
တောင်သူများ ကြုံတွေ့ကြရသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာအခက် အခဲများအား ပညာရှင်များနှင့် တိုက်ရိုက်ဆွေးနွေးပြီး အကောင်းဆုံးအဖြေကို ပူးပေါင်းဖော်ထုတ်နိုင်ကြစေရန်နှင့် ခေတ်မီနည်းပညာများအား တောင်သူများ စဉ်ဆက်မပြတ်ထိတွေ့ကျွမ်းဝင်ပြီး လက်တွေ့အသုံးချနိုင်ကြစေရန်ရည်ရွယ်၍ တောင်သူနည်းပညာဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် (၁၁၉) ကြိမ်မြောက်ဆွေးနွေးပွဲကို “နေကြာမျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူးက ဆီထွက်နှုန်း ကောင်းမွန်သည့် နေကြာမျိုးများနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုခြင်း ဆိုင်ရာများကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများ၏ မေးမြန်းချက်များအပေါ် အသေးစိတ်ရှင်းလင်းဖြေကြားသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြည်တွင်းထုတ်လုပ်မှုဖြင့် စားသုံးဆီဖူလုံရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ စားသုံးဆီဖူလုံရေးအတွက် ကာလတိုအတွင်း အကောင်အထည်ဖော်နိုင်ရန် ဆီထွက်နေကြာစိုက်ပျိုးရေး အားပေးကူညီနေမှု၊ တစ်ဧကချင်း၏ နေကြာဆီထုတ်လုပ်မှုစွမ်းအား တိုးမြှင့်နိုင်ရေးအတွက် နေကြာမျိုးကောင်းမျိုးသန့်အသုံးပြုခြင်းကဏ္ဍ၏ အရေးပါမှုတို့ကို ဆွေးနွေးပြော ကြားခဲ့သည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်နှင့်တောင်သူ ၂၃၀ တို့က Zoom point ၁၀၀ မှ ပါဝင် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
