Skip to main content

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဇာနည်အောင်နှင့်တာဝန်ရှိသူများ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံဆောင်ရွက်သွားနိုင်ရေး ကြည့်ရှုစစ်ဆေး

မန္တလေး  မတ် ၅

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်ပြီး ဂေါပကအဖွဲ့နှင့် ပညာရှင်များ၏ ပထမအကြိမ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘုရားကြီးရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံတွင် ပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဇာနည်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းပညာရှင် (ရွှေတိဂုံဂေါပကအဖွဲ့အကြံပေး)၊ ကြေး ပညာရှင်၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ မြန်မာနိုင်ငံသတ္တဗေဒအင်ဂျင်နီယာအသင်း၊ ကြေးသွန်းပညာရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အကောင်းဆုံးနည်းလမ်းဖြင့် ပြုပြင်မှုများဆောင်ရွက်သွားနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ သြဝါဒဆရာတော်ကြီးများနှင့်အတူ ဝန်ကြီးများနှင့်အဖွဲ့သည် မဟာမုနိရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီးဘုရားကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းဖြစ်ပေါ်နေခြင်းကို အနီးကပ်ကြည့်ရှုကာ ဆရာတော်ဘုရားကြီးများ၏ မိန့်ကြားမှုများကို နာယူခဲ့ကြသည်။

 “ဘုရားကြီးဆိုတာက တို့တစ်တွေ တစ်နိုင်ငံလုံးက တစ်မျိုးသားလုံးက ယုံကြည်ကိုးကွယ်တဲ့ အလေးမြတ် အထားဆုံး ဗုဒ္ဓဆင်းတုတော်ကြီးဖြစ်တယ်၊ ဗုဒ္ဓဆင်းတုတော်ကြီးရဲ့ ကြံ့ခိုင်ရေး၊ နှစ်ပေါင်း ထောင်ချီပြီးတော့ တည်တံ့ရေးဆိုတာက တို့အားလုံးဝိုင်းဝန်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်၊ အဲဒီအတွက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးဇာနည်အောင်က ပြောသည်။

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမခံနောက်ကျောဘက်တွင် အက်ကြောင်းဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရန် သြဝါဒါစရိယဆရာတော်ကြီးများ၏ သြဝါဒများခံယူကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပွင့်လင်း မြင်သာစွာဖြင့် သက်ဆိုင်ရာပညာရှင်များနှင့် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်၍ အကြံပြုချက်များကို ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်