Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် ရှေးဦးကလေးသူငယ်ဘဝ အစောပိုင်းကာလ စာတတ်မြောက်ရေး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပုံပြင်စာအုပ်အသုံးပြုခြင်းနည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မန္တလေး မတ် ၅

ရှေးဦးကလေးသူငယ်ဘဝ အစောပိုင်းကာလ စာတတ်မြောက်ရေး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပုံပြင်စာအုပ် အသုံးပြုခြင်း နည်းပြသင်တန်း ဖွင့်ပွဲကို မန္တလေးမြို့ရှိ Wilson Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် နှင့် မန္တလေးမြို့အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်  တို့က အမှာစကားပြောကြားသည်။ ထို့နောက် UNICEF မှ Education Specialist ဒေါက်တာအေးအေးရီ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ကလေးသူငယ်ဘဝ အစောပိုင်းကာလ ဘာသာစကား၊ စာတတ်မြောက်ခြင်းနှင့် စာဖတ်ခြင်း၊ သီချင်းဆိုခြင်းနှင့် ဘာသာစကား ကစားနည်း၊ ပုံပြင်စာအုပ်အား လေ့လာအကဲခတ်ခြင်း၊ အစောပိုင်းစာရေးစာဖတ် တတ်မြောက်ခြင်း၊ ပုံပြင်စာအုပ် အသုံးပြုခြင်းနည်းလမ်း၊ ပုံပြင်စာအုပ် ဖတ်နည်းလမ်းညွှန်၊ စာအုပ်ကြီးအသုံးပြုခြင်း နှင့် အုပ်စုကြီးအတွင်း စာဖတ်ပြခြင်း၊ ပုံပြင်စာအုပ်လက်တွေ့ဖတ်ပြခြင်း ဖတ်စရာပေါများသည့်ပတ်ဝန်းကျင်၊ ကလေးစာဖတ်ဝိုင်းလမ်းညွှန် အစရှိသော သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၄၂)ဦးဖြင့် မတ်လ ၅ ရက် မှ ၇ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးမြို့ အခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ UNICEF မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)