ပခုက္ကူ မတ် ၅
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေးအတွက် မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး၊ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးမြင့်ဆွေက တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်းနှင့် တိုင်းဒေသကြီး၊ အနည်းဆုံးအခကြေးငွေ သတ်မှတ် နိုင်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းစီမံချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အစိုးရ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင် များနှင့်အလုပ်သမားများ ဆွေးနွေး အကြံပြုကြရန်တို့ကို ရှင်းလင်းပြောကြားပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ (မကွေးတိုင်းဒေသကြီး) အတွင်းရေးမှူး၊ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးကိုကိုလင်းက အစိုးရဌာနဆိုင်ရာများ၏ အခြေခံလစာနှုန်းထားများ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် တွေ့ရှိရသော အခြေခံ လုပ်သားလစာများ၊ ပုဂ္ဂလိကအခြေခံလုပ်သားများ၏ အခက်အခဲပြဿနာများအကြောင်းနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ကော်မတီ(မကွေးတိုင်းဒေသကြီး)၏ လုပ်ငန်းစဉ်များ၊ လေ့လာစိစစ်ပြီး ထည့်သွင်းတွက်ချက်ရမည့်အချက်များအကြောင်းတို့ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ပခုက္ကူမြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အလုပ်သမားများက အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့်လုပ်ငန်းနည်းလမ်းများ၊ နိုင်ငံ၏ဈေးကွက်အခြေအနေများနှင့် ကျေးလက်ဒေသလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နိုင်မှုအခြေအနေများအကြောင်းတို့ကို အသီးသီးဆွေးနွေးတင်ပြကြရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပြီး အပြန်အလှန်ဆွေးနွေးကြသည်။
ပခုက္ကူမြို့တွင် ဟိုတယ်၊ မိုတယ်များ၊ ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ အထည်ချုပ်စက်ရုံများ၊သစ်စက်ရုံများ၊ ဆေးရုံ များ၊ ဆေးဆိုင် / ဆေးပေးခန်းများ၊ အသေးစားကုမ္ပဏီလုပ်ငန်းများနှင့် အခြားသောစက်ရုံ၊အလုပ်ရုံလုပ်ငန်းများ စသည့် ပုဂ္ဂလိကပိုင်လုပ်ငန်းများ စုစုပေါင်း (၅၀)ကျော် ရှိကြောင်းသိရသည်။
ဆလိုင်းကိုကီး