ဖားဆောင်း မတ် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း ( စေတနာအဖွဲ့) တို့ ပူးပေါင်းဆောက်လုပ်သည့် ခဲမဖြူကျေးရွာရှိ အမှတ်(၂) အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ စီမံကိန်းဒါရိုက်တာ ဒေါ်အေးအေးသန့်က ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တာဝန်ရှိသူတို့နှင့် ကျောင်းဆောက်လုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ပညာရေးဌာန တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၇၅) သိန်း ကျပ်ကို နီပွန်ဖောင်ဒေးရှင်းက ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံ ပေးအပ်ခဲ့ကာ ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
အလားတူ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် နယ်စပ်ဒေသ တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ခဲမဖြူကျေးရွာ လမ်းပြကြယ်ဖြူ ဘော်ဒါဆောင်အတွက် ထောက်ပံ့ငွေ ကျပ် (၄၀) သိန်းအား ဘော်ဒါဆောင် တာဝန်ရှိသူထံပေးအပ်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောင်းဝန်းအတွင်း အရိပ်ရသစ်ပင်များအား အမှတ်တရ စိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကျောင်းဆောင်သစ်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဂျပန်နိုင်ငံ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သော နီပွန် ဖောင်ဒေးရှင်း (စေတနာအဖွဲ့) က ဆောက်လုပ်ပေးခဲ့တဲ့ စာသင်ကျောင်းဆောင်နှင့် သင်ထောက် ကူပစ္စည်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိန်းကြစေရန် ကျောင်းအကျိုးတော်ဆောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခဲမဖြူကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)