Skip to main content

အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၀၀ ကျော် ဖန်တီးပေးနိုင်မည့် တန်ဖိုးမြှင့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

နေပြည်တော် မတ် ၆

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၉ ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် ၆ ခုကို  ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၁၂၅ သန်းနှင့် ငွေကျပ် ၁၁၃,၈၁၀ ဒသမ ၃၃၅ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၈၅၀ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၇၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၄၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၀၃ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

(သတင်းစဉ်)