Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့အကြား ရှမ်းပြည်နယ် တောင်ပိုင်း၊ လူမှုအဆောက်အဦများ တည်ဆောက်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖ

နေပြည်တော် မတ် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန် နိုင်ငံအစိုးရ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့အကြား ရှမ်းပြည်နယ် တောင်ပိုင်း၊ လူမှုအဆောက်အဦများ တည်ဆောက်ခြင်းနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲက အဆိုပါဝန်ကြီးဌာန၏ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ယနေ့ ဆွစ်ဇာလန်နိုင်ငံအစိုးရနှင့် လက်မှတ်ရေးထိုးမည့်စီမံကိန်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ အဆိုပါစီမံကိန်းအရ အခြေခံ အဆောက်အဦများ ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ဆောက် လုပ်ခြင်း၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေး၊ ကျား/မ သာတူညီမျှမှုရှိစေရေးအတွက် အသိ ပညာဖြန့်ဖြူးခြင်းနှင့် နှစ်နိုင်ငံအကြား နည်းပညာများ ဖလှယ်ရယူခြင်းတို့ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ အပစ်အခတ် ရပ်စဲထားသည့် မြို့နယ်(၇)ခုတွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင် အထည်ဖော်သည့် ကာလ (၂)နှစ်အတွင်း မြန်မာအစိုးရနှင့် ဆွစ်ဇာလန်အစိုးရတို့ အကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်မည်ဖြစ်သည့်အတွက် များစွာအရေးကြီးပါကြောင်းနှင့် ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်လျှော့ချရေး အစီအမံများတွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။

မကြာသေးမီကပင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဆွစ်ဇာလန် နိုင်ငံဘက်မှ ကိုယ်စားလှယ်များသည် အပစ်အခတ် ရပ်စဲထားသည့်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေး အတွက် ထားရှိသည့်သဘောထားဆန္ဒမှန်ကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ အစိုးရအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အခြား မြို့နယ်များသို့လည်း အကူအညီများ ဆက်လက်ပံ့ပိုးသွားရန် မျှော်လင့်ပါကြောင်း၊ ဤစီမံကိန်းသည် အပစ်အခတ်ရပ်စဲပြီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုရန် စံနမူနာကောင်း ဖြစ်ရန်လိုအပ်ပြီး အခြားဒေသများတွင်လည်း ဤစီမံကိန်းကို နမူနာယူ ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန် ဆက်စပ်နေသောကြောင့် မိမိတို့အားလုံးပူးပေါင်း၍ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၏ Minister/ Head of International Cooperation ဖြစ်သူ Mr. Giacomo Solari က Project Agreement လက်မှတ်ရေးထိုးရသည့် ရည်ရွယ်ချက်နှင့် ဆွစ်ဇာလန်နိုင်ငံဘက်က ပံ့ပိုးပေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၏ Minister/ Head of International Cooperation ဖြစ်သူ Mr. Giacomo Solari တို့က Project Agreement အား လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)