ရန်ကုန် မတ် ၆
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာ၌ “ ယခင် အစည်းအဝေးတွေကနေ ဆက်လက် ညှိနှိုင်းဆွေးနွေးဖို့ ကျန်ရှိနေသေးတဲ့ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ကိစ္စတွေ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ကိစ္စတွေ၊ အခြေခံ မူသဘော တူညီချက်များ ရယူရေးကိစ္စတွေကို နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့ ဒီကနေ့ အစည်းအဝေးမှာ ဆက်လက် ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ အထက်ပါ ကိစ္စရပ်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ အဖြစ် ချုပ်ဆိုမှာ ဖြစ်တဲ့ အတွက်လည်း လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတဲ့ ဖြစ်စဉ် မှတ်တမ်းတစ်ခု ဖြစ်သလို ကျွန်တော်တို့ အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးဘက်တွေအကြား စိတ်ရင်းစေတနာမှန်ကို ပြသဖို့ အချိန်အခါပဲ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဆွေးနွေးမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ကျွန်တော်တို့တတွေ NCA လမ်းကြောင်းကနေ သွေဖည်မှု မရှိဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ မရပ်တန့်သွားဖို့ ကျွန်တော်တို့ နှစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ အပေးအယူ အလျှော့အတင်းနဲ့ တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေး မယူဘဲ ရှေ့ဆက် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ ယခင် ဒုတိယအကြိမ် တွေ့ဆုံမှုမှာလည်း ကျွန်တော် ဆွေးနွေးခဲ့တာ ရှိပါတယ်။ နိုင်ငံရေး အခြေခံမူတွေ ရယူနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်သလို တစ်ဖက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးကနေ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးအထိ ဆွေးနွေး ညှိနှိုင်းသွားဖို့၊ ယုံကြည်မှုနဲ့ တည်ငြိမ်ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီး တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်စဝ်စိုင်းငင်းက “မနေ့က မတ်လ(၅)ရက်နေ့မှာ နှစ်ဖက်အလုပ်အဖွဲ့ငယ်တွေရဲ့ ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းကနေ စုစည်းပေးတဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်တဲ့ သဘောထား စုစည်းချက်တွေကို ဒီနေ့အစည်း အဝေးမှာ အပြန်အလှန် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါအပြင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ပြန်လည်ယူဆောင်လာတဲ့ အဆိုပြုချက်တွေကို အသေးစိတ် ထပ်မံ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ယနေ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် နှစ်ဖက် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးသည် တတိယအကြိမ်မြောက်ဖြစ်ပြီး အပိုင်း(၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်ကိစ္စ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက်ရှေ့ လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ကိစ္စ၊ အပိုင်း (၃) အခြေခံမူ သဘောတူညီချက်များ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်စဝ်စိုင်းငင်း၏ နှုတ်ခွန်းဆက် အမှာစကားတွင် “ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) အတွက် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ သဘော တူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ၊ ဖက်ဒရယ်အခြေခံမူ သဘောတူညီချက်များ စတာတွေကို ဒီအစည်းအဝေးမှာ ညှိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်သလို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးအတွက် အစီအစဉ်များ၊ UPDJC အစည်းအဝေး ကျင်းပရေးဆိုင်ရာ ပြင်ဆင်ထားရှိမှုများနဲ့ အခြားအရေးပါတဲ့ အကြောင်းအရာတွေကို ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း NCA လက်မှတ်မရေးထိုးသေးတဲ့ EAO တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေး နည်းလမ်းများအတွက်လည်း ဒီအစည်းအဝေးမှာ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ NCA (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မှု(၅)ချက်တို့ကို ရည်ညွှန်းကိုးကားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်း ဆွေးနွေးသွားသင့်တယ်လို့ မြင်ပါတယ်။
NCA စာချုပ် ပုဒ်မ(၂၂-ဃ) ပါ “ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံး လုပ်နည်းလမ်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်” လို့ ပြဋ္ဌာန်းထားသလို NCA (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောထားတဲ့ မိန့်ခွန်းမှာပါတဲ့ “ ဇယား ၂ ၊ ၃ နဲ့ ၅ မှာ ကျွန်တော်တို့ ဘာတွေ ဖြည့်စွက်ပြင်ဆင်ပြီး ဘယ်လို ပြည့်စုံအောင် ဆောင်ရွက်ကြမလဲ ဆိုတဲ့ စဉ်းစားနည်းက ပိုမိုသဘာဝကျလိမ့်မယ်လို့ ထင်ပါတယ်” ဆိုတာလည်းရှိနေတော့ ခေါင်းဆောင်တွေရဲ့ ပြောကြားချက် အပေါ် ဟန်ချက်ညီစွာ ထည့်သွင်းစဉ်းစားသွားသင့်တယ်လို့ ထင်ပါတယ်။
ဒီအဆင့် ရောက်အောင် အစိုးရပိုင်းမှာ ညှိနှိုင်းမှုတွေ ရှိသလို မိမိတို့ NCA-S EAO တွေအကြားမှာလည်း အကျေအလည် ညှိနှိုင်းမှုတွေ အကြိမ်များစွာ ပြုလုပ်ခဲ့ရပါတယ်။ အချင်းချင်းအကြား ဟန်ချက်ညီ မျှမျှတတဖြစ်အောင် ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ တစ်ဖွဲ့ချင်းအကျိုး၊ အစုအဖွဲ့အကျိုးနဲ့ အားလုံးအကျိုးတွေအတွက် သဟဇာတဖြစ်ဖို့နဲ့ အချိတ်အဆက်မိအောင် လုပ်ဆောင်ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဝိဝါဒကွဲပြားမှု တွေမရှိအောင် ထိန်းညှိထိန်းကွပ်ပေးရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒီတတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ တဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံစတုတ္ထ အစည်းအဝေးကို သက်မှတ်ထားတဲ့ အချိန်ကာလ အတွင်း ကျင်းပနိုင်ဖို့ မိမိတို့နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေကြားမှာ တစ်ဖက်ကို တစ်ဖက် နားလည်မှုရှိရှိနဲ့ ဆက်လက်ညှိနှိုင်း လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
မိမိတို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုး ကတိကဝတ်ပြုထားပြီးဖြစ်လို့ NCA အတိုင်းလိုက်နာ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းဝေးကို အောင်မြင်စွာကျင်းပပြီး NCA ရဲ့ ခိုင်မာတည်တံ့မှု၊ အရှိန်အဝါ၊ အနှစ်သာရ၊ ယုံကြည်မှု၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှု၊ တန်းတူညီမှုတွေကို ဝိုင်းဝန်း ပြည်လည်ဖော်ထုတ်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များ အဖြစ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်စဝ်စိုင်းငင်း ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာ စိုင်းဦး နှင့် နန်းယဉ်ယဉ်စိုး တို့ တက်ရောက်ကြသည်။
အစိုးရနှင့် NCA-S EAO တို့၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၇ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်သည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်