နေပြည်တော် မတ် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကောင်းခါး ကျေးရွာအုပ်စု လွယ်ခမ်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက် အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူး နှင့် ဒုတိယစစ်သံမှူးများ၊ နိုင်ငံ အလိုက် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ဆိုင်ရာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ ပါဝင်သောအဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ အဆိုပါကျေးရွာသို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် သွားရောက်သတင်းရယူ ကြသည်။
ရှေးဦးစွာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်တိုးရီ၊ အရှေ့မြောက် တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်လင်းတို့က မူးယစ်ဆေးဝါး သတင်းဖော်ထုတ်ရရှိမှု အခြေအနေ၊ နယ်မြေလုံခြုံရေး/နယ်မြေ စိုးမိုးရေး ဆောင်ရွက်ခဲ့သည့် အခြေအနေ၊ မြန်မာတစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိခဲ့မှု အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ လက်နက် ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်မှု အခြေအနေများအား ရှင်းလင်း တင်ပြကြပြီး နိုင်ငံခြားစစ်သံမှူးများ၊ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာ များက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေကြားကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ဖြစ်စဉ်မှတ်တမ်း ဓာတ်ပုံများအား လိုက်လံကြည့်ရှု မှတ်တမ်းတင် သတင်းရယူကြသည်။
မွန်းလွဲပိုင်းတွင် အဆိုပါအဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အုပ်စု လွယ်ခမ်ကျေးရွာသို့ ရောက်ရှိ ကြပြီး ကျေးရွာဘောလုံးကွင်း၌ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ကြည့်ရှုကြသည်။
အဆိုပါဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိမှုအား နိုင်ငံအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့များ ဖြစ်ကြသည့် DEA(USA)၊ ONCB-(THAILAND)၊ NNCC(CHINA)၊ AFP(AUSTRALIA) အဖွဲ့များနှင့် ပြည်တွင်း/ပြည်ပ သတင်းဌာနများမှ သတင်းထောက်များက လိုက်ပါ သတင်းရယူခဲ့ကြပြီး သတင်းရယူရေး အဖွဲ့သည် တပ်မတော်လေယာဉ်ဖြင့် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး