Skip to main content

ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဖျာပုံနှင့် ဒေးဒရဲမြို့တို့မှ ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့်တွေ့ဆုံ

နေပြည်တော် မတ် ၇

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့ရှိ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွား(၃၅) ဦးအတွက် အလှူငွေ ကျပ် (၅)သိန်း၊  စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဖျာပုံနှင့် ဒေးဒရဲမြို့ တို့တွင် ဖွင့်လှစ်လျက်ရှိသော ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာ အခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့် တွေ့ဆုံဆွေးနွေး သည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု၀န်ကြီးက မိမိတို့ ၀န်ကြီးဌာနသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့များ၏ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည့် ၀န်ကြီးဌာနဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုလိုအပ်ပါကြောင်း၊ စေတနာ့၀န်ထမ်း ဆောင်ရွက်ခြင်းဆိုသည်မှာ ပြည်သူနှင့် အနီးကပ် တွင်ရှိသော အများအကျိုး ဆောင်ရွက်လိုသည့် ပြည်သူများက မိမိအကျိုး၊ အများအကျိုး ဖြစ်ထွန်းစေပြီး ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် MCCT အစီအစဉ်တွင် ရပ်ရွာဆီသို့ အရောက်သွား၍  လူမှုရေးအထောက်အပံ့ပေးနိုင်ရေး အသိပေးရှင်းလင်းခြင်း၊ အကျိုးခံစားခွင့် ရှိသူများအား စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ အာဟာရဆိုင်ရာ၊ တစ်ကိုယ် ရည်သန့်ရှင်းရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်နေသော အခြားသော ဝန်ဆောင်မှုများ၊ အထောက်အပံ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ကြောင်း။

ယခုဆောင်ရွက်နေသော MCCT အစီအစဉ်သည် ရှေးဦးအရွယ် ကလေးသူငယ်ဘဝမှစ၍ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ခြင်းတို့နှင့် ပြည့်စုံပြီး မိမိတို့ နိုင်ငံနှင့် လူ့အဖွဲ့အစည်း တစ်ခုလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေးအတွက် အရေးကြီးသော ကိစ္စဖြစ်ပါကြောင်း၊  ရန်ပုံငွေကန့်သတ်ချက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ဦးစားပေး အစီအစဉ်ဖြင့် ပုညှက်မှု အညွှန်းကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ကရင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုနှစ်တွင် ဧရာ၀တီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ MCCT အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်း သက်သာသော ချေးငွေများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို အလေအလွင့်မရှိ စေရန်နှင့် ရင်းနှီးရကျိုးနပ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုလုပ်ငန်းများကို ထောက်ပံ့ခံရသူများထံသို့ အချိန်မှီ၊ အပြည့်အ၀နှင့် တိုက်ရိုက်ရောက်ရှိနိုင်ရေးအတွက် ယခုလို ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမားများကို လေ့ကျင့်သင်တန်းပေးပြီး သင်တန်းသူ၊ သင်တန်းသားများက ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ငွေကြေး ထောက်ပံ့ရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး Electronic Cash Transfer အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်အောင် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။

MCCT အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၆) ခု၊ မြို့နယ်ပေါင်း (၂၆) မြို့နယ်တွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရပ်ရွာအခြေပြု စေတနာ လူမှု၀န်ထမ်းသမားများ လေ့ကျင့်သင်တန်းပေးခြင်း သင်တန်းပေါင်း (၁၅၈) ကြိမ် ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ သက်ကြီးရွယ်အိုများဦးစီးသည့် အားလုံးပါဝင်သော လူမှုအားမာန်အဖွဲ့ (၈)ဖွဲ့နှင့် ကျိုက်လတ်မြို့နယ် ရှိ လူမှုအားမာန်အဖွဲ့ (၁၉)ဖွဲ့ တို့နှင့်တွေ့ဆုံပြီး ပံ့ပိုးငွေကျပ်သိန်း ၂၇၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်၌ ဆောက်လုပ် နေသည့် ဘိုးဘွားရိပ်သာ အဆောက်အဦနှင့် မြတ်စေတနာဘိုးဘွားရိပ်သာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘိုးဘွားများကို တွေ့ဆုံအားပေးစကားပြောကြားသည်။

(သတင်းစဉ်)