ရန်ကုန် မတ် ၈
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြလေသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများ ပေါ်ထွက်လာခြင်းဖြင့် တင့်တယ် သာယာလှပေသည်။
“တပေါင်းသာခေါင်လများနှောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပွဲအခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၌ ကျင်းပရာ ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်များနှင့် ပင့်သံဃာတော် များ စုစုပေါင်း (၁၀၈)ပါး ဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် လှူကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရေစက် ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင် များက နိုင်ငံတော် သြဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း သြဝါဒါစရိယ ရန်ကင်းမြို့နယ် ကျိုက်ပိ ကျောင်း မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏေသန ထံမှ ကိုးပါးသီလခံယူ ဆောက် တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတမြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်း အဖွဲ့များနှင့် အလှူရှင်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းချအမျှပေး ဝေကြသည်။
ယနေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အနယ်နယ်အရပ်ရပ်ရှိ စေတီတော် များတွင် ဥပုဉ်သီလဆောက်တည်ကြသူများ နှင့် ဘုရားဖူးလာပြည်သူများ၏ ကုသိုလ်ပုည ဆည်းပူးသံများဖြင့် ဝေစည်လျက်ရှိသည်။
သတင်း - ကိုကိုဇော်၊ ဓာတ်ပုံ - ဇော်မင်းလတ်