ရန်ကုန် မတ် ၈
ငွေကြေးလဲလှယ်နှုန်းကျဆင်းနေခြင်းနှင့်အတိုးနှုန်းထား မြင့်တက်နေခြင်းတို့ကို ဗဟိုဘဏ်အနေဖြင့် ဝင်ရောက် ထိန်းကျောင်းပေး ရန် လုပ်ငန်းရှင်များက အဆိုပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြော သည်။
အခက်အခဲများ ကြုံတွေ့နေရ
COVID-19 ဂယက်ကြောင့် မြန်မာနိုင်ငံ၏ ကို စီးပွားရေးရိုက်ခတ်မှုရှိပြီး လက်ရှိခရီးသွားကဏ္ဍနှင့် တရုတ်နိုင်ငံသို့ သစ်သီး တင်ပို့ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မတ် ၅ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
အကောင်းဆုံးဖြစ်အောင်
"လက်ရှိ ကျွန်တော်တို့ရဲ့ အခင်းအကျင်းမှာ ရင်ဆိုင် ရတော့မယ့် စီးပွားရေးလုပ်ငန်းတွေရဲ့ အခက်အခဲကို လည်း အကောင်းဆုံး ဖြစ်အောင် ဝင်ရောက်ထိန်းသိမ်း ပေးဖို့အတွက် ဗဟိုဘဏ်အနေနဲ့လည်း အတိုးနှုန်းထားတွေကအစကျွန်တော်တို့ဘယ်လိုပုံစံမျိုး အကောင်းဆုံး ဖြစ်အောင် တုံ့ပြန်ဆောင်ရွက်မလဲ၊ နောက်ပြီးတော့ ဒီငွေကြေးလဲလှယ်မှုနှုန်းထားတွေကို ဒီလောက်ကြီး လျင်လျင် မြန်မြန်ကွာဟသွားတဲ့ကိစ္စကိုလည်း ဘယ်လိုဝင်ရောက်ပြီးတော့ ထိန်းကျောင်းပေးမလဲဆိုတာကို ကျွန်တော်တို့ ဒါတွေကို ဆောင်ရွက်ပေးဖို့အတွက်ဆိုပြီး ဒီဘက် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ အထူးသဖြင့်တော့ Exporterတွေရဲ့ လယ်ယာ ထွက်ကုန်တွေကို စိုက်ပျိုးထုတ်လုပ်တဲ့ အများစုကနေ ဒီရက်ပိုင်းမှာ လာရောက်တောင်းဆိုနေတာ ရှိပါတယ်"ဟု ဦးအေးဝင်းက ပြောသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး
COVID-19 ဂယက်ကြောင့် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာများကို ရင်ဆိုင် ကျော်လွှားရန် ဗဟိုဘဏ် အနေဖြင့်လက်ရှိဖြစ်ပေါ်နေသောအခင်းအကျင်းနှင့်အညီ လျင်လျင်မြန်မြန် တုံ့ပြန် ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးနယ်ပယ်တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းပေးရန်အတွက် တာဝန်ရှိသကဲ့သို့ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။
လက်ရှိ ငွေကြေးလဲလှယ်နှုန်းမှာ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာ ၂၅ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ် အောက်သို့ကျဆင်းခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသောCOVID-19 ဂယက်ကြောင့် ဆက်လက်ကျဆင်းလာရာ ၂ မတ် ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၈၀ ကျပ်အထိ ကျဆင်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ဘဏ်တိုးနှုန်းမှာလည်း အနိမ့် ဆုံး ၁၃ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၆ ရာခိုင်နှုန်းအထိ ရှိသည်။
သို့ဖြစ်၍ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အဆိုပြုထားသည့်အချက်များကို စုစည်းကာ နိုင်ငံတော်အစိုးရထံ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။
မတ် ၅ ရက်ကလည်း ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့်coVID-19 ၏ စီးပွားရေးအပေါ် အကျိုးသက် ရောက်မှုများ၊ နောက်ဆက်တွဲကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာကုန်သည်ကြီးများ အသင်း၊ စီးပွားရေးအသင်း များအပါအဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် COVID-19ကြောင့် လတ်တလောကြုံတွေ့နေရသော အခက်အခဲ၊ ပြဿနာများကိုရင်ဆိုင်ကျော်လွှားရန်အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးဦးသုံးဖလှယ် မကြာခဏ တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် သဘောတူညီခဲ့သည်။
အလုပ်ရှင်များဘက်ကလည်း အလုပ်သမားများအား အကာအကွယ်ပေးရမည်ဆိုသည့် တာဝန်ရှိမှုကို သိရှိပြီး ၎င်းတို့ တာဝန်ယူ ဆောင်ရွက်ရာတွင် အစိုးရနှင့် အလုပ်သမားသမဂ္ဂများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များမှာ COVID-19 ၏ ဂယက်ရိုက်မှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး၊ လူမှုရေးဆိုင်ရာဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း၊ ဤ အကျပ်အတည်းကာလတွင် ယခုကဲ့သို့ လူမှုစီးပွားရေး ဒုက္ခများကို ကျော်လွှားရန် ကြိုတင်ပြင်ဆင်မှုအခြေအနေ များကို သုံးပွင့်ဆိုင် ညီညီညွတ်ညွတ်ဖြင့် အတူတကွပြင်ဆင်ထားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
လက်ရှိ COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းရှင် များအနေဖြင့် ကုန်ကြမ်းရရှိမှုအပိုင်းတွင် ဧပြီလကုန် အထိ စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း။
အဆိုပါ COVID-19 ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ရာတွင် တိုးတက်ပြောင်းလဲမှုမရှိပါက လာမည့် မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ဆက်လက်အကျိုးသက်ရောက် လာနိုင်၍ ကြိုတင်ပြင်ဆင်ရန်လိုကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
COVID-19 ဂယက်ကြောင့် လတ်တလော ကြုံတွေ့ နေရသော အခက်အခဲ၊ ပြဿနာများသည် အမျိုးသားရေး အဆင့်ဖြစ်သည့် အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရထိခိုက်မှု အနည်းဆုံးဖြစ်ရန်လိုကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။
ငြိမ်းငြိမ်း